ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့ဆီ ရာသီဝက်စာချုပ်နဲ့ လာရောက် ကစားခဲ့တဲ့ ဒိန်းမတ်ကြယ်ပွင့် ကွင်းလယ်လူ အဲရစ်ဆင်ကို မန်ချက်စတာ ယူနိုက်တက် လက်ထဲကနေ ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ဘရန့်ဖို့ဒ်နည်းပြ ဖရန့်က အတည်ပြုသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်က နှလုံးခုန်စက် တပ်ဆင်ထားရတာကြောင့် အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဘရန့်ဖို့ဒ်ဆီ ကာလတို စာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး အချိန်ခဏလေး အတွင်းမှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit: Mirror

အဲရစ်ဆင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်အတွက် ၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က အဲရစ်ဆင်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကာ အဲရစ်ဆင်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။

အဲရစ်ဆင်က မန်ချက်စတာ ယူနိုက်တက်ဆီ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားသလို မကြာခင်မှာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေပေမယ့် ဘရန့်ဖို့ဒ်နည်းပြ ဖရန့်ကတော့ သူတို့အသင်းဟာ အဲရစ်ဆင်ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထဲကနေ ကြားဖြတ် လုယူနိုင်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ အဲရစ်ဆင် တယောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား မဖြစ်လာမချင်း သူတို့ဘက်က အဲရစ်ဆင်ကို ခေါ်ယူဖို့ ကြိုးစားပိုင်ခွင့် ရှိကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

ဖရန့်က – “အခုချိန်မှာ အဲရစ်ဆင်က ဘရန့်ဖို့ဒ်ရဲ့ ကစားသမား တယောက် မဟုတ်တော့ပါဘူး။ ဒါပေမယ့် သူက တခြားအသင်း တသင်းရဲ့ ကစားသမား တယောက်လည်း မဖြစ်သေးပါဘူး။ အခုချိန်မှာ သူက တခြားအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်း အကောင်းမြင်စိတ် ရှိပါတယ်။ သတင်းစာကို ပုံမှန် ဖတ်လေ့ ရှိလို့ အဲရစ်ဆင်ရဲ့ သတင်းတွေကိုလည်း သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုထိ အဲရစ်ဆင်နဲ့ အဆက်အသွယ် ရှိနေဆဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့က အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေသလို သူက တခြားအသင်းရဲ့ ကစားသမား မဖြစ်လာမချင်း ကြိုးစားသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။