လက်ရှိမှာ အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်လို့နေတဲ့ စပါး အင်တာမီလန်အသင်းတွေရဲ့ ကွင်းလယ်ကစားသမားဟောင်း ခရစ္စတီယန်အဲရစ်ဆင်ကို ခေါ်ယူသွားဖို့အတွက် ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဘရန့်ဖိုဒ့်အသင်းကနေ (၆)လစာချုပ်အပြင် (၁)နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိတဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

အသက်(၂၉)နှစ်အရွှယ်ရှိ ဒိန်းမတ် ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာပဲ နှလုံးပြသာနာကြောင့် ကွင်းအတွင်း လဲကျခဲ့ပြီး အသက်သေဆုံးနိုင်တဲ့ အန္တရာယ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ရသလို အခုဆိုရင်လည်း နှလုံးကို စက်တပ်ဆင်ထားပြီး သူရဲ့ဘောလုံးသမားဘဝကိုပါ ရှေ့ဆက်နိုင်ဖို့ပါ အလားအလာကောင်း နေရတာဖြစ်ပါတယ်။ ဘောလုံးကစားသမားဘဝထဲ ပြန်လည်ဝင်ရောက်လာဖို့ အဆင်သင့် ဖြစ်လို့နေတဲ့ အဲရစ်ဆင်ကို ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖိုဒ့်အသင်းကနေ (၆)လစာချုပ်နဲ့ ကမ်းလှမ်းလို့ထားပြီး နောက်ထပ်(၁)နှစ် ထပ်မံချုပ်ဆိုခွင့်ကိုပါ ထည့်သွင်းပြီး ကမ်းလှမ်းထားတယ်လို့ ဗြိတိန်နာမည်ကျော် သတင်းမီဒီယာ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Athletic

အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းမှာ ပါဝင်ကစားနေတာ ဖြစ်ပေမယ့်လည်း အီတလီ ဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ နှလုံးခုန်စက် တပ်ဆင်ထားသူ တစ်ယောက်ကို ဘောလုံးကစားခွင့် မပြုနိုင်တာကြောင့် အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားရပြီး Free Agent တစ်ဦး ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့အတူ လာမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲဖို့ စိတ်ကူးထားတဲ့ အဲရစ်ဆင်ဟာ သူရဲ့ အခြေအနေ အရပ်ရပ်က တိုးတတ်လာခဲ့တာကြောင့် ဘောလုံးသမားဘဝကို ဆက်သွားနိုင်ဖို့ အလားအလာကောင်းလာခဲ့ရပြီး သူကျင်လည်ခဲ့ဖူးတဲ့ အင်္ဂလန်မြေမှာ ဘောလုံးပြန်ကစားရဖို့ကလည်း သူရဲ့နေအိမ်ကို ပြန်ရောက်နေလိုမျိုး ခံစားနေရလိမ့်မယ်လို့ အဲရစ်ဆင်ရဲ့အေးဂျင့်ဖြစ်သူက ပြောဆိုထားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဘရန့်ဖိုဒ့်အသင်းအနေနဲ့ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး အပြောင်းအရွှေ့ အထမြောက်ဖွယ်လည်း ရှိနေတယ်လို့ သိရှိရပါတယ်။