ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ပြီးဆုံးခါနီးနေပြီဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့ညမှာ ပွဲစဉ်(၃၈)ပွဲတွေကို ကျင်းပပြီးသွားတာနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက ဇာတ်သိမ်းသွားတော့မှာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီနဲ့ပတ်သက်ပြီး စိတ်ဝင်စားစဖွယ် အကြောင်းအရာတွေကလည်း အများကြီးပါ။ ဒီထဲကမှ ဒီနေ့မှတော့ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထွန်းတောက်ခဲ့ကြတဲ့ လူငယ်ကြယ်ပွင့် ကစားသမား(၆)ယောက်အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ရီးစ်ဂျိမ်းစ်

Photo Credit : Sportskeeda

ဝီဂန်မှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားပြီး တစ်ရာသီအတွင်း အကောင်းဆုံးကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့တဲ့ သူရဲ့မူလအသင်း ချယ်လ်ဆီးကို ပြန်ရောက်လာချိန်မှာ စီနီယာအသင်းနဲ့ စတင်ပူးပေါင်းခွင့်ရခဲ့ပြီး ညာနောက်ခံနေရာမှာ အရမ်းတွေ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အသက်(၂၀)ပဲရှိသေးတဲ့ နောက်ခံအစွန်လူလေးဟာ ပြေးအားတွေ ဖြတ်တင်ဘောတွေကောင်းလှတဲ့ ကစားသမားဖြစ်ပြီး ချယ်လ်ဆီးနဲ့အတူ ဒီရာသီမှာ ပရီးမီးယားလိဂ်(၂၂)ပွဲအထိတောင် ပါဝင်ကစားခွင့်ရထားခဲ့ကာ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။

မက်နေးလ်

Photo Credit : Sportskeeda

ဘန်လေအသင်းရဲ့ဘယ်တောင်ပံကစားသမား မက်နေးလ်ကတော့ ဒီရာသီမှာ ဘန်လေရဲ့အမာခံကစားသမားအဖြစ် (၃၇)ပွဲလုံးကို ပါဝင်ကစားထားခဲ့သူလည်းဖြစ်ကာ သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၆)ကြိမ်အထိတောင် ပြုလုပ်ထားခဲ့ပါတယ်။ အသက်(၂၀)သာရှိသေးပြီး အသင်းနဲ့ မနှစ်က ပွဲထွက်ထားခဲရတဲ့ မက်နေးလ်ဟာ (၂)နှစ်အတွင်းမှာ ဘန်လေအသင်းအတွက် ပွဲပေါင်း(၅၀)ကျော်လောက်အထိကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။

ဆာခါ

Photo Credit : Sportskeeda

နည်းပြဟောင်းအမ်မရီရဲ့ပွဲထုတ်ပေးမှု လက်ရှိနည်းပြအာတီတာရဲ့အရောင်တင်ပေးမှုတွေနဲ့ တောက်ပလာတဲ့ အာဆင်နယ်အသင်းရဲ့ ဆယ်ကျော်သက်ကစားသမားလေး ဆာခါဟာလည်း ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားခဲ့သလို နဂိုကစားနေကြနေရာဖြစ်တဲ့ ဘယ်တောင်ပံနေရာကနေ ဘယ်နောက်ခံကစားသမားနေရာထိပါ ပြောင်းလဲကစားနိုင်ပါတယ်။ အသက်(၁၈)နှစ်သာရှိသေးတဲ့ အာဆင်နယ်အကယ်ဒမီထွက် ကစားသမားလေးဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း(၂၆)ပွဲ ကစားထားခဲ့ကာ သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှုကို (၅)ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။

မေဆန်မောင့်

Photo Credit : Sportskeeda

လမ်းပတ်ရဲ့လက်အောက်မှာ ထွန်းတောက်လာခဲ့တဲ့ ဒီချာတိတ်လေးဟာ မနှစ်ကရာသီမှာကတည်းက ဒါဘီကောင်တီမှာ လမ်းပတ်နဲ့ အတူလက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး ချယ်လ်ဆီးမှာ ပြန်လည်ဆုံစည်းကြတော့လည်း အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပါတယ်။ လမ်းပတ်လက်သစ်လို့ပါ တင်စားခေါ်ဆိုခံနေရတဲ့ အသက်(၂၁)နှစ်အရွှယ် မေဆန်မောင့်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် (၃၅)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး (၆)ဂိုးသွင်းယူထားနိုင်ကာ (၇)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်

Photo Credit : Sportskeeda

လူကာကူ ဆန်းချက်ဇ်တို့ မရှိတော့တဲ့ ယူနိုက်တက်တိုက်စစ်မှာ ဆိုးလ်ရှားရဲ့ယုံကြည်မှုနဲ့ ပွဲထွက်ကစားခွင့်ရလာခဲ့တဲ့ ဒီ(၁၈)နှစ်သားလေးကတော့ ဘယ်ခြေရောညာခြေနဲ့ပါ သွင်းဂိုးတွေ ရယူနိုင်သူဖြစ်ပြီး သူရဲ့အရည်အသွေးတွေက တစ်ပွဲနဲ့တစ်ပွဲ ပိုမိုတောက်ပလာခဲ့ပါတယ်။ ယူနိုက်တက်အကယ်ဒမီထွက် တိုက်စစ်မှူးလေးဟာ အခုဆိုရင် အသင်းရဲ့ပွဲထွက်ကစားသမား ဖြစ်လို့နေပြီး ဒီရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း(၂၉)ပွဲ ပါဝင်ကစားထားကာ (၉)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

ဖိုဒန်

Photo Credit : Goal

အင်္ဂလန်ရဲ့အနာဂတ်ကြယ်ပွင့်လေးဖြစ်လာမယ့် ဖေးလ်ဖိုဒန်ဟာလည်း ဒီရာသီ မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့်တွေ များစွာရလာခဲ့တဲ့ လူငယ်လေးဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာလည်း အသင်းရဲ့တောင်ပံတိုက်စစ်နေရာတွေကို ထွက်ကစားနေရသူဖြစ်ပါတယ်။ မကြာသေးခင်ကမှ အသက်(၂၀)ပြည့်ထားရတဲ့ ဖိုဒန်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၂)ပွဲ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။