အက်စတွန်ဗီလာအသင်းကို ဗီလာပတ်ကွင်းမှာ ၂ဂိုး၃ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း စပါးအသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တဲ့ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ အဲ့ဒီပွဲစဉ်မှာပဲ ဗီလာကစားသမားတစ်ဦးနဲ့ ထိခိုက်မိရင်း လက်မောင်းကျိုးသွားခဲ့တာကြောင့်မို့ ခွဲစိတ်ကုသမှုတွေကိုပါ ဆက်လက်ခံယူသွားရတော့မှာဖြစ်ပြီး ခွဲစိတ်မှုရယ် နားရက်တွေရယ်ပေါင်းပြီး ရက်သတ္တပတ်အနည်းငယ်ခန့်လောက် စပါးအသင်းအတွက် ပါဝင်ကစားပေးနိုင်တော့မှာမဟုတ်ကြောင်း အသင်းရဲ့ဆိုရှယ်မီဒီယာတွေကပေါ်ကနေ ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

အသက်၂၇နှစ်အရွှယ်ရှိ တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လက်ရှိမှာ သူရဲ့အသင်းဖော် ဟယ်ရီကိန်း ဒဏ်ရာရရှိနေတာကြောင့် စပါးအသင်းရဲ့တိုက်စစ်ကို အဓိကတာဝန်ယူထားရပြီး ပွဲစဉ်တိုင်းလိုလိုမှာလည်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို ရယူပေးလျက်ရှိနေသူဖြစ်ပါတယ်။ ဆွန်ဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲအပါအဝင် မန်စီးတီးကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ဆောက်သမ်တန်ကို အနိုင်ယူခဲ့တဲ့ အက်အေဖလား ပြန်ကန်ပွဲတွေမှာပါ စပါးအတွက် အဖိုးတန်သွင်းဂိုးတွေကို ဆက်တိုက်ရယူပေးထားခဲ့သူဖြစ်ပါတယ်။ အခုလည်း စပါးအသင်းဟာ သူရဲ့နောက်ကျသွင်းဂိုးကြောင့် ဗီလာကို အနိုင်ရခဲ့တာဖြစ်ပေမယ့် မထင်မှတ်ပဲ ဒဏ်ရာအခြေအနေ ပြင်းထန်သွားခဲ့လို့ ခွဲစိတ်မှု ပြုလုပ်ရတော့မှာဖြစ်ပါတယ်။

ဆွန်ဟောင်မင် ညာဘက်လက်မောင်းကို ထိခိုက်မိသွားခဲ့တာဖြစ်ပြီး လက်မောင်းရိုးကျိုးသလို ဖြစ်သွားခဲ့ရလို့ ဒီတစ်ပတ်အတွင်းမှာပဲ ခွဲစိတ်ကုသမှုတွေကို စတင်ခံယူသွားရမှာဖြစ်ကြောင်းနဲ့ ဆွန်ကို အမြန်ဆုံးပြန်ကောင်းလာနိုင်အောင် ကြိုးစားသွားမှာဖြစ်ပေမယ့်လည်း အသင်းအတွက် ပြန်လည်ကစားနိုင်ဖို့က ရက်သတ္တပတ်အနည်းငယ်လောက် ကြာမြင့်နိုင်သေးခြင်း စပါးအသင်းဘက်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လက်ရှိစပါးအသင်းမှာ အဓိကတိုက်စစ်ကစားသမား ဟယ်ရီကိန်းလည်း ဒဏ်ရာရရှိနေပြီး ဆွန်ဟောင်မင်ကပါ ဒဏ်ရာရစာရင်းထဲ ထပ်တိုးဝင်ရောက်လာတာဟာ စပါးအတွက်တော့ ကံဆိုးစရာ အနေအထားဖြစ်လာနိုင်ပြီး စပါးအသင်းဟာ လာမယ့်တစ်ပတ်အတွင်းမှာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြင် ရက်ဘူးလိုက်ပ်ဇစ်အသင်းနဲ့ပါ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပွဲကျပ်ပွဲစဉ်တွေကိုပါ ဆင်နွဲရတော့မှာဖြစ်လို့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ခက်ခဲမှုတွေ ရှိလာနိုင်ပါတယ်။