MySport Myanmar

ဘရာဇီးလ် နဲ့ တောင်ကိုရီးယားတို့ရဲ့ ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကျင်းပလာခဲ့ရာ ဒီနေ့ဆိုရင်တော့ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်တွေရဲ့ တတိယနေ့ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့မှာ စိတ်ဝင်စားဖို့ကောင်းတာက အုပ်စုကျပ်လာပါတယ်ဆိုတဲ့ အုပ်စု(၂)စုထဲကမှ အခုလို ရှုံးထွက်အဆင့်ထိ တတ်လှမ်းလာခဲ့ကြတဲ့ အာရှအသင်း(၂)သင်းရဲ့ ပွဲစဉ်တွေ ဖြစ်နေပါတယ်။ အဲ့ဒီပွဲစဉ်တွေထဲကမှ မနက်ဖြန် မနက်(၁)နာရီခွဲမှာ ယှဉ်ပြိုင်မယ့် ဘရာဇီးလ်အသင်းနဲ့ တောင်ကိုရီးယားအသင်းတို့အတွက် ပွဲစဉ်အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : 90Min

၂၀၂၂ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ ဘရာဇီးလ်က ဆာဘီးယား ဆွစ်ဇာလန်တို့ကို အနိုင်ယူပြီးနောက် ရှုံးထွက်ကို စောစောစီးစီး တတ်လှမ်းခဲ့တာကြောင့် ကင်မရွန်းနဲ့ပွဲမှာ main players တွေ အနားပေးရင်းနဲ့ မထင်မှတ်ပဲ ရှုံးပွဲကြုံသွားခဲ့ရပါတယ်။ ဘရာဇီးလ်မှာ ဒဏ်ရာပြသာနာတွေနဲ့ ကြုံတွေ့နေရပေမယ့်လည်း နေမာက ဒီပွဲကို ပြန်ပါလာနိုင်သလို ကင်မရွန်းနဲ့ပွဲမှာ ကစားသမား အများအပြား အနားပေးထားတာဖြစ်လို့ အခုပွဲအတွက် လန်းဆန်းနေကြဖွယ် ရှိပါတယ်။ အသင်းမှာလည်း ကစားသမားအင်အားက အလွန် တောင့်တင်းလွန်းနေပြီး အသင်းရဲ့ ကစားအားကလည်း ချန်ပီယံအသင်းမျိုးရဲ့ ခြေစွမ်းအတိုင်း ပြသထားနိုင်သလို အုပ်စုနောက်ဆုံးပွဲ အရှုံးရလဒ်ကြောင့် အခုပွဲမှာ ပြန်လည် ပေါက်ကွဲလာနိုင်ပါတယ်။ နောက်ပြီး အသင်းအနေနဲ့ ၂၀၀၂ တောင်ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားနောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားမှာ ဗိုလ်မစွဲနိုင်တော့တဲ့အပြင် ဗိုလ်လုပွဲတောင် မတတ်လှမ်းနိုင်ခဲ့တဲ့ အခြေအနေဆိုးကြီးကို အဆုံးသတ်နိုင်ဖို့အတွက် အခုလို ပွဲမျိုးတွေမှာ လုံးဝ အမှားမခံပဲ သေချာပြင်ဆင်လာဖွယ် ရှိပါတယ်။

Photo Credit : K League United

တောင်ကိုရီးယားကတော့ ဥရုဂွေးကိုသရေ ဂါနာကိုရှုံးပြီးမှ အုပ်စုနောက်ဆုံးပွဲမှာ ပေါ်တူဂီကို အနိုင်ယူရင်း ရှုံးထွက်ကို တတ်လှမ်းလာခဲ့ရတာ ဖြစ်ပါတယ်။ ကစားပုံရော စိတ်ဓါတ်ပါ ကောင်းမွန်လာတဲ့ တောင်ကိုရီးယားဟာ ပေါ်တူဂီလို အသင်းမျိုးကို အနိုင်ရခဲ့တာ ဆိုပေမယ့် ရှံးထွက်တတ်ပြီးသား ပေါ်တူဂီက ကစားအား ချွေတာခဲ့သလို ဥရုဂွေးပွဲရလဒ်ကိုလည်း နောက်ဆုံးချိန်အထိ စောင့်ကြည့်ပြီးမှသာ အခုလို ရှုံးထွက်ထိ ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ရှုံးထွက်ထိ တတ်လှမ်းနိုင်ဖို့ကို ကျားခုတ်ကျားခဲ ကြိုးစားထားခဲ့ရတဲ့ တောင်ကိုရီးယားအနေနဲ့ ရှုံးထွက်မှာ ဘရာဇီးလ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတာက သူတို့ ခြေစွမ်းပိုင်းကို သေချာ အစမ်းသပ်ခံရမယ့် ပွဲတစ်ပွဲလို့ သတ်မှတ်နိုင်တဲ့အပြင် ကံဆိုးမှုလို့လည်း သတ်မှတ်နိုင်ပါတယ်။

Photo Credit : Sporting News

တောင်ကိုရီးယားက တောင်အမေရိက အသင်းတစ်သင်းဖြစ်တဲ့ ဥရုဂွေးနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ဂိုးမရှိသရေရအောင် ကစားနိုင်ခဲ့တယ် ဆိုပေမယ့်လည်း နောက်ထပ် တောင်အမေရိက အသင်းဖြစ်တဲ့ ဘရာဇီးလ်ကိုတော့ ဒီလို ရလဒ်မျိုးထွက်ပေါ်လာအောင် ကစားဖို့ဆိုတာ ဖြစ်နိုင်ဖွယ် အလွန်နည်းပါးပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်ကိုတော့ အခက်တွေ့အောင် ကစားနိုင်ဖို့အတွက် ပြင်ဆင်လာမှာပါ။ ဘရာဇီးလ်ကို ဘယ်လိုပဲ အခက်တွေ့အောင် ကစားဖို့ ဘယ်လိုပဲ ပြင်ဆင်လာပါစေ ဘရာဇီးလ်ကတော့ တောင်ကိုရီးယားကို အနိုင်ယူ ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ဆီ တတ်လှမ်းဖို့ အသေအချာ ကြိုးပမ်းလာမှာပါ။ အသင်းနှစ်သင်းကြားမှာ ကစားသမားအင်အား ကွာဟလွန်းသလို ကစားအားရော အစဉ်အလာပိုင်းမှာပါ အသာရထားတဲ့ ဘရာဇီးလ်ကပဲ မိနစ်(၉၀)အတွင်းမှာ တောင်ကိုရီးယားကို အနိုင်ကစားသွားပါလိမ့်မယ်။

Exit mobile version