မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် အင်္ဂလန်ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ဂျေဒန်ဆန်ချို ဟယ်ရီကိန်း ဂျက်ဂါရီးလစ်ရှ် ဂျိမ်းစ်မက်ဒီဆန်နဲ့ ဘယ်လင်ဟမ်တို့ကို ပစ်မှတ်ထားလျက်ရှိနေပြီး နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေ အသေအချာပြုလုပ်သွားဖွယ်ရှိနေတဲ့အပြင် ယူကရိန်းထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်းရဲ့ ဘရာဇီးလူငယ်ကြယ်ပွင့်လေးတစ်ဦးဖြစ်သူ တီတီကိုပါ စိတ်ဝင်တစားစောင့်ကြည့်နေခဲဲ့ကာ ကစားသမားကိုယ်တိုင်ကပါ ယူနိုက်တက်မှာ ပါဝင်ကစားဖို့က သူရဲ့အိမ်မက်တစ်ခုပဲလို့ ဝန်ခံပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ ဘရာဇီးတောင်ပံတိုက်စစ်ကစားသမားလေး တီတီဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကမှ ဘရာဇီးကလပ် ဂရီမဲလ်ရိုးအသင်းကနေ ရှက်တာဒိုးနက်ဆီကို ရောက်ရှိလာခဲဲ့တာဖြစ်ကာ အသင်းအတွက် တစ်နှစ်တာလောက် ပါဝင်ကစားထားရပြီး ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီကစားသမားလေးကို ယူနိုက်တက်နည်းပြဆိုးလ်ရှားကနေ စိတ်ဝင်စားလာခဲ့တာဖြစ်ကာ အခြားသော ဥရောပကလပ်အသင်းများစွာကနေလည်း ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အသင်းပေါင်းများစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့တဲ့ တီတီက သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး “ဥရောပမှာတော့ ကျွန်တော်ပါဝင်ကစားချင်ဆုံး အသင်း(၃)သင်းရှိနေပါတယ်။ ဒီအသင်းတွေကတော့ ဘာစီလိုနာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ပါပဲ။ ဒီအသင်းတွေက တကယ့်ဂရိတ်နည်းပြတွေ ဂရိတ်ကစားသမားတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာလေ။ ကစားသမားတစ်ယောက်အနေနဲ့တော့ အရေးကြီးတဲ့ ဆုဖလားတွေကို ပိုင်ဆိုင်ဖို့ စိတ်ကူးယဉ်ထားမိတယ်။ လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ အင်္ဂလန်မှာဆို အခါးသီးဆုံးပြိုင်ဘက်တွေဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီ(၂)သင်းလုံးဘက်ကနေ ကမ်းလှမ်းလာမယ်ဆိုရင် ဘယ်အသင်းကို ရွေးချယ်ရမလဲဆိုတာကို ပါးပါးနပ်နပ်နဲ့ ဆုံးဖြတ်သွားမှာပါ။ ပရီးမီးယားလိဂ်ဆိုတာကလည်း အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ပြိုင်ပွဲကြီးတစ်ခုပါ။ အဲ့ဒီနေရာမှာဆို ကစားသမားတွေက လွတ်လပ်စွာနဲ့ ကစားခွင့်ရနေတယ်။ ဒါက အခြားသောပြိုင်ပွဲတွေနဲ့ ကွဲပြားနေတာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။