လာမယ့် ဇူလိုင်လ ၁၁ရက်နေ့မှာ ကစားတော့မယ့် ကိုပါအမေရိက ၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ တောင်အမေရိကရဲ့ အင်အားအကြီးဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ တွေ့ဆုံနေကြပါတယ်။

နှစ်သင်းစလုံးဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ကြိမ်ဖန်များစွာ မွေးထုတ်နိုင်ခဲ့တဲ့ ဘောလုံးဘိုးအေ နိုင်ငံတွေ ဖြစ်သလို နှစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေကလည်း ဘောလုံးနဲ့ ပတ်သတ်ရင် အရူးအမူး ဖြစ်တာကြောင့် အဆိုပါ ဗိုလ်လုပွဲဟာ အတော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။

Photo Credit: CNN Football

လက်ရှိမှာတော့ အာဂျင်တီးနားအသင်းကို ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဦးဆောင်နေပြီး ဘရာဇီးလ်အသင်းကိုတော့ သူ့ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ နေမာက ဦးဆောင်လာပါတယ်။

နေမာနဲ့ မက်ဆီတို့ဟာ လက်ရှိ ကိုပါအမေရိကပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်နေတာကြောင့် ဘယ်သူက အသင်းကို အကောင်းဆုံး ဦးဆောင်ကာ ဗိုလ်စွဲအောင် ကူညီနိုင်မလဲ ဆိုတာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပြီး ဘောလုံး ဘွတ်ကီဒိုင်တွေကတော့ မက်ဆီရဲ့ ကစားသမားဘဝ နောက်ဆုံး ကိုပါအမေရိကပြိုင်ပွဲမှာ အောင်မြင်မှု ရဖို့ ကြိုးစားနေတဲ့ အာဂျင်တီးနားအသင်းဟာ ဘရာဇီးလ်အသင်းထက် ဗိုလ်စွဲဖို့ ပိုမို နီးစပ်တယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit: CNN Football

ဒါပေမယ့် ဘရာဇီးလ်နိုင်ငံရဲ့ လူတွေကတော့ သူတို့ကသာ ယခုနှစ် ကိုပါအမေရိကပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်မယ်လို့ ယုံကြည်နေကြပြီး ယခုအချိန်မှာတော့ ဘရာဇီးလ်နိုင်ငံရဲ့ သမ္မတဖြစ်သူ ဘော်ဆိုနာရိုက ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနားအသင်းကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

ဘရာဇီးလ်နဲ့ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင် ကစားကြမယ့် ကိုပါအမေရိကဗိုလ်လုပွဲနဲ့ ပတ်သတ်ပြီး ဘော်ဆိုနာရိုက – “တကယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်တပွဲကို လာမယ့် စနေနေ့မှာ ယှဉ်ပြိုင် ကစားရမှာပါ။ ပြီးတော့ အဲ့ဒီပွဲမှာ ဘရာဇီးလ်က ၅-၀ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပါလိမ့်မယ်” လို့ ခန့်မှန်းသွားခဲ့တာပါ။