လိဒ်စ်ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာဟာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် သူ့ကို ဘရာဇီးလ်လက်ရွေးစင်အသင်းကနေပါ ရွေးချယ်သွားခဲ့ပြီး ရာဖင်ညာကိုယ်တိုင်ကပါ လက်ရွေးစင်အသင်းနဲ့ ပွဲဦးထွက်မှာ သွင်းဂိုးတွေ သွင်းယူလာနိုင်တာကြောင့် သူ့ကို လီဗာပူးလ်အသင်းကနေ ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့သလို TEAMtalk ကနေ ဖော်ပြလာချက်အရ ပီအက်စ်ဂျီအသင်းကနေပါ စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ရာဖင်ညာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းပြန်တတ်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်ခဲ့ရတဲ့ ဘောလုံးရာသီမှာပဲ သွင်းဂိုး(၈)ဂိုး ဂိုးဖန်တီးမှု (၁၁)ကြိမ်အထိကို စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း လိဒ်စ်ယူနိုက်တက်အသင်းအတွက် (၈)ပွဲကစားပြီးနောက် သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်တဲ့ ရာဖင်ညာကို လီဗာပူးလ်အသင်းကနေ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေသလို လက်ရှိမှာလည်း လီဂူးဝမ်းရဲ့ ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းကပါ ရာဖင်ညာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

ရာဖင်ညာဟာ ၂၀၂၁ခုနှစ် သြဂုတ်လအတွင်းမှာပဲ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဒီလအတွင်းမှာ ဗင်နီဇွဲလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာပဲ အသင်းအတွက် ပွဲဦးထွက်ခဲ့ရသလို ဥရုဂွေးအသင်းနဲ့ ပွဲစဉ်မှာပါ သွင်းဂိုး(၂)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါသေးတယ်။ ရာဖင်ညာဟာ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား နေမာနဲ့အတူ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ အကောင်းဆုံး တွဲဖက်ကစားထားနိုင်ခဲ့တာကြောင့် နေမာကိုယ်တိုင် ရာဖင်ညာနဲ့ ကလပ်အသင်းမှာပါ တွဲဖက်ကစားချင်တာကြောင့် ရာဖင်ညာကို ခေါ်ယူပေးဖို့ ပီအက်စ်ဂျီအသင်းဆီ တောင်းဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ရာဖင်ညာဟာ လက်ရှိမှာလည်း လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်သလို သူရဲ့စီနီယာ ကစားသမားကြီး ရီဗယ်လ်ဒိုကလည်း ရာဖင်ညာကို အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက် လိစ်ဒ်ထက် ပိုမိုမြင့်မားတဲ့ ကလပ်အသင်းကြီး တစ်သင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် တိုက်တွန်းထားခဲ့ပါသေးတယ်။ ရာဖင်ညာဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိထားပြီး ကစားသမားကိုယ်တိုင်ကတော့ လတ်တလောမှာ အသင်းပြောင်းဖို့ အစီအစဉ် မရှိသေးကြောင်း သိထားရပါတယ်။