ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီကို ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေခြင်းအပေါ် ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဘက်က ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

Brazil have denied reports that Carlo Ancelotti has agreed to be their next manager

Photo Credit : Daily Mail

အီတလီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြကြီး အန်စလော့တီဟာ ဒီနှစ်ဘောလုံးရာသီအထိ ရီးယဲလ်မက်ဒရစ် နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် ဘရာဇီးလ် လက်ရွေးစင်အသင်းကို ပြောင်းလဲ ကိုင်တွယ်သွားဖို့အတွက် သဘောတူညီမှု ရရှိထားခဲ့ပြီလို့ ESPN Brazil ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။ အဲ့ဒီ သတင်းမီဒီယာရဲ့ ဖော်ပြချက်ထဲမှာ အသက်(၆၃)နှစ်အရွယ်ရှိ နည်းပြကြီးဟာ ဒီရာသီအကုန်မှာပဲ ဘရာဇီးလ်အသင်းကို ကိုင်တွယ်သွားဖို့ သဘောတူညီခဲ့တယ်လို့ ဖော်ပြလာပေမယ့်လည်း ဒီအကြောင်းအရာတွေကိုတော့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က ငြင်းဆန်သွားခဲ့ပါတယ်။

The 63-year-old is under contract at Real Madrid until the summer of 2024

Photo Credit : Daily Mail

အန်စလော့တီဟာ ဘောလုံးလောကအတွင်းမှာ တကယ့်ကို အတွေ့အကြုံပေါင်းများစွာ အပြည့်အဝရှိသူ သူ ကိုင်တွယ်တဲ့ ကလပ်အသင်းတွေတိုင်းနီးပါးမှာလည်း ဆုဖလား အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ လက်ရွေးစင် အသင်းတစ်သင်းကို မကိုင်တွယ်ထားဖူးသေးသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ရီးယဲလ်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ အန်စလော့တီဟာ ရီးယဲလ်နဲ့လည်း ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးတာဖြစ်ပြီး ESPN Brazil ရဲ့ ဖော်ပြချက်မှာတော့ အန်စလော့တီက ရီးယဲလ်နဲ့ သက်တမ်း မကုန်ဆုံးခင်မှာပဲ ဘရာဇီးလ်နည်းပြအဖြစ် ပြောင်းလဲ တာဝန်ယူပြီး ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဘရာဇီးလ်နဲ့ စာချုပ်ချုပ်ဆိုသွားဖို့ လက်ခံခဲ့တယ်လို့ ဖော်ပြလာပါတယ်။ ဒါပေမယ့် ဒီလို ထွက်ပေါ်လာတဲ့ သတင်းတွေက အခြေအမြစ်မရှိဘူးလို့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဘက်က ငြင်းဆန်ထားခဲ့ပြီး အသင်းအတွက် ရွေးချယ်ထားတဲ့ နည်းပြတစ်ဦးကိုလည်း အချိန်တန်ရင် ထုတ်ပြန် ကြေညာသွားမယ်လို့ အသိပေးသွားခဲ့ပါတယ်။

Brazil are looking for a new manager after Tite left his position as manager after their exit

Photo Credit : Daily Mail

ဘရာဇီးလ်အသင်းရဲ့ နည်းပြဖြစ်သူ တီတီကတော့ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကို ကွာတားဖိုင်နယ်အဆင့်ထိသာ ပို့ဆောင်နိုင်ခဲ့ပြီးနောက် အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်သွားခဲ့တာပဲ ဖြစ်ပါတယ်။