ဘရာဇီးလက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ဟော့ခ်ကတော့ သူရဲ့နာမည်ဟော့ခ်(Hulk)နဲ့ ပိုမိုလိုက်ဖက်ညီတဲ့ ခန္ဓာကိုယ်ပိုင်းကို အခုလက်ရှိအချိန်မှာ ပိုင်ဆိုင်လို့နေပြီး ဘောလုံးပွဲတွေ ရပ်တန့်ထားခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာပဲ ဟော့ခ်က ခန္ဓာကိုယ်ပိုင်းအတွက် လေ့ကျင့်ခန်းတွေ များစွာလုပ်ဆောင်ခဲ့တာကြောင့် အခုလို အံ့မခန်း Body Transformation ကို ပိုင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : The Sun

အသက်(၃၃)နှစ်အရွှယ်ရှိ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းရဲ့ တိုက်စစ်ကစားသမား ဟော့ခ်ဟာ သူရဲ့ကိုယ်လုံးကိုယ်ပေါက် ကြီးမားမှုနဲ့ သွင်းဂိုးတွေကို ဧရိယာအပြင်ဘက်ကနေ ကြောက်မက်ဖွယ် သွင်းယူနိုင်သူအဖြစ် ပရိသတ်တွေက သတိထားမိကြတာဖြစ်ပေမယ့် ဒီနောက်ပိုင်းနှစ်တွေအတွင်း အရမ်းကို ကျစ်လစ်ပြီး ကြည့်ကောင်းလှတဲ့ ခန္ဓာကိုယ်မျိုးကိုတော့ အခုချိန်မှသာ ပိုင်ဆိုင်ခဲ့တာဖြစ်လို့ ပရိသတ်များစွာက ဟော့ခ်ရဲ့ ခန္ဓာကိုယ်ပိုင်းပြောင်းလဲမှုအပေါ် အတော်လေးကို အံ့အားသင့်နေခဲ့ရပါတယ်။

Photo Credit : ESPN

ပေါ်တိုနဲ့ ဇင်းနစ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူ ဟော့ခ်ဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကမှ ရှန်ဟိုင်း SIPG အသင်းဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တရုတ်စူပါလိဂ် အမှတ်ပေးချန်ပီယံဆုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အထောင်တိုက်စစ်ကစားသမားအဖြစ်ရော တောင်ပံကစားသမားအဖြစ်နဲ့ပါ ကစားတတ်သူဖြစ်တဲ့ ဟော့ခ်ဟာ လာမယ့်ဒီဇင်ဘာလမှာတော့ ရှန်ဟိုင်း SIPG အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဟော့ခ်ကိုယ်တိုင်က အသင်းနဲ့ သက်တမ်းတိုးဖို့ကို လုံးဝဆန္ဒမရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပြီး ဥရောပဆီကို တကျော့ပြန်လာဖွယ် ရှိနေပါတယ်။ ဟော့ခ်က “ကျွန်တော့်ကို လာရောက်ကမ်းလှမ်းထားကြတာတွေ အများကြီးပဲ။ အဲ့ဒီထဲမှာ ဥရောပရဲ့ ထိပ်သီးအသင်းကြီးတွေ ပါဝင်နေတယ်ဆိုတာလည်း မှန်ကန်ပါတယ်။ ချန်ပီယံလိဂ် ကစားရမယ့်အသင်းပါ ကမ်းလှမ်းထားတာပါ။ ဘရာဇီးနဲ့ တရုတ်အသင်းတွေလည်း ပါဝင်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဒီမှာတော့ ဆက်မနေချင်တော့ပါဘူး။ ကျွန်တော့်အတွက် ငွေကြေးက အရေးကြီးဆုံးအရာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တဲ့နေရာကိုပဲ ကျွန်တော်ပြောင်းရွှေ့မှာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။