တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေ စတင်ပြီး မြစ်ဖျားခံ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ခုလုံးနီးပါးကို ပျံ့နှံ့နေပြီး မကူးစက်သေးတဲ့ နိုင်ငံအရေအတွက်ဟာ လက်ချိုးရေတွက်လို့ ရတဲ့ အထိ နည်းပါးလို့နေပါတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံဟာလည်း ကိုရိုနာဗိုင်းရပ် ပျံ့နှံ့ကူးစက်မှုကို ခံနေရပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ည ၁၁နာရီကျော်မှာပဲ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ စာဖတ်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

Photo Credit: Standard.com

ကိုရိုနာဗိုင်းရပ်ဟာ အဆုတ်ယောင်ရောဂါ တစ်မျိုးဖြစ်ပြီး လေထုကနေတဆင့် လျင်မြန်စွာ ကူးစက်နိုင်တာကြောင့် ကူးစက်ခံရတဲ့ နိုင်ငံတွေဟာ ကူးစက်ခံထားရတဲ့ လူနာတွေကို အခြားလူတွေနဲ့ သီးသန့်ခွဲထုတ်တဲ့ နေရာမှာ နေရာ အခက်အခဲတွေ အများကြီး ကြုံတွေ့ရတတ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘောလုံးဘိုးအေ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံဟာလဲ ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို ကြုံတွေ့နေရပြီး ကူးစက်ခံထားရတဲ့သူတေ​ွကို ထားရှိမယ့် ယာယီ ဆေးရုံတွေ တည်ဆောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်။ ဘရာဇီးလ်သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ ယာယီဆေးရုံတွေ တည်ဆောက်မယ့် အစီအစဉ်မှာ ဘရာဇီးလ် ကလပ်အသင်းတွေဟာလည်း အကူအညီပေးဖို့ ပါဝင်လာကြတယ်လို့ သိရှိရပါတယ်။

Photo Credit: Standard.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဘရာဇီးလ် လိဂ်က ထိပ်သီး ဘောလုံးအသင်းတွေဟာ သူတို့အသင်းရဲ့ ကိုယ်ပိုင်ဘောလုံးကွင်းတွေကို အစိုးရအနေနဲ့ ယာယီဆေးရုံတွေ အဖြစ် အသုံးပြုလို့ ရနိုင်ကြောင်း ဒေသခံ အာဏာပိုင်တွေကနေ တဆင့် အကြောင်းကြားထားတယ်လို့ သိထားရပါတယ်။ ဘောလုံးကွင်းတွေဟာ ကြီးမားကြသလို ဝင်ပေါက်တွေကိုလဲ ပိတ်ထားဖို့ လွယ်ကူတာကြောင့် ဆရာဝန်တွေက ဘရာဇီးလ်အစိုးရကို ဘောလုံးအသင်းတွေရဲ့ ကမ်းလှမ်းချက်ကို လိုက်ပါလုပ်ဆောင်ပြီး ဘောလုံးကွင်းတွေကို ယာယီဆေးရုံတွေအဖြစ် အသုံးပြုဖို့ တိုက်တွန်းနေကြပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံအတော်များများဟာ ဘရာဇီးလ် ကလပ်တွေရဲ့ လုပ်ဆောင်မှုတွေကို သဘောကျ နေကြပြီး သူတို့နိုင်ငံမှာရှိတ​ဲ့ ဘောလုံးကွင်းတွေကိုလဲ ယာယီဆေးရုံတွေအဖြစ် အသုံးပြုဖို့ စဉ်းစားနေကြပါပြီ။