MySport Myanmar

မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတဲ့ ဘရာဇီးလ်အသင်း

ဘရာဇီးလ် လက်ရွေးစင် ဘောလုံးအသင်းဟာ အသင်းနည်းပြရာထူးအတွက် ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီကို ခန့်အပ်သွားချင်ပေမယ့် အန်စလော့တီက ငြင်းဆန်ပယ်ချထားခဲ့တာကြောင့် လက်ရှိမှာ ဘရာဇီးလ်ဘက်က ရိုးမားအသင်းနည်းပြ ဂျိုဆေးမော်ရင်ဟိုကို နည်းပြဟောင်း တီထီနေရာ အစားထိုးဖို့အတွက် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ဘရာဇီးလ်အသင်းကို အချိန်ကြာမြင့်စွာ ကိုင်တွယ်ခဲ့တဲ့ နည်းပြကြီးတီထီဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကို ကွာတားဖိုင်နယ်ထိ ပို့ဆောင်နိုင်ခဲ့ပြီးနောက် အသင်းနည်းပြရာထူးကနေ နုတ်ထွက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လစ်လပ်သွားတဲ့ နည်းပြရာထူးအတွက် ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်နေတဲ့ ဝါရင့်နည်းပြကြီး အန်စလော့တီကို ဆက်သွယ်ခဲ့ပေမယ့် အန်စလော့တီဘက်က ပယ်ချခဲ့တာကြောင့် အန်စလော့တီလို ရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိ ရိုးမားအသင်းကို ကိုင်တွယနေသူ မော်ရင်ဟိုကို ပြောင်းလဲ ဆက်သွယ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ် မန်ချက်စတာယူနိုက် စပါးအသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး လက်ရှိ ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြမော်ရင်ဟိုဟာ သူရဲ့နည်းပြသက်တမ်းတစ်လျှောက် ကလပ်အသင်းတွေကိုသာ ကိုင်တွယ်ထားခဲ့ဖူးပြီး လက်ရွေးစင်အသင်း တစ်သင်းသင်းကို တာဝန်ယူ ကိုင်တွယ်ဖို့ပါ စိတ်ဝင်စားလျက် ရှိနေပါတယ်။ လတ်တလောမှာလည်း မော်ရင်ဟိုကို ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဘက်ကနေ နည်းပြဖာနန်ဒိုဆန်းတို့စ်နေရာမှာ အစားထိုးဖို့အတွက် ဆန္ဒရှိနေသလို ဘရာဇီးလ်အသင်းဘက်ကပါ တီထီနေရာမှာ မော်ရင်ဟိုနဲ့ အစားထိုးသွားချင်နေပါတယ်။ မော်ရင်ဟိုကလည်း နည်းပြသက်တမ်းတစ်လျှောက်မှာ ချန်ပီယံလိဂ် ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်စ်လိဂ်တို့လို ဥရောပဆုဖလားတွေ အားလုံးကို သိမ်းပိုက် ရယူထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အပါအဝင် အမှတ်ပေးဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့တဲ့ စပယ်ရှယ်ဝမ်း အတွေ့အကြုံရင့် နည်းပြတစ်ဦး ဖြစ်နေတာကြောင့် ပေါ်တူဂီရော ဘရာဇီးလ်အသင်းတွေကပါ မော်ရင်ဟိုကို လက်ရွေးစင်နည်းပြအဖြစ် အလိုရှိနေကြပြီး မော်ရင်ဟိုကလည်း သူရဲ့လက်ရှိကလပ် ရိုးမားအသင်းနဲ့ လက်ရွေးစင် အသင်းတစ်သင်းသင်းကို ပူးတွဲ ကိုင်တွယ်သွားဖို့ စိတ်ဝင်စားနေပါတယ်။

Exit mobile version