MySport Myanmar

ဘာစီလိုနာသာ အလိုရှိရင် အသင်းဆီ ချက်ချင်း ပြန်လာခဲ့မယ်လို့ ဘရာဗို ဖွင့်ဟ

လက်ရှိမှာ ဘောလုံးသမားဘဝကနေ အနားယူလို့ထားတဲ့ ချီလီ ဝါရင့်ဂိုးသမားကြီး ကလော်ဒီယို ဘရာဗိုက သူ့အသင်းဟောင်း ဘာစီလိုနာကသာ သူ့ကို အလိုရှိမယ်ဆိုရင် အသင်းဆီ ချက်ချင်းကို ပြန်လာခဲ့မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပင်တိုင် ဂိုးသမားဖြစ်တဲ့ တာစတီဂန်ဟာ မနေ့ညက ဗီလာရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ညာဘက်ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာဆိုးကြီး ရရှိသွားခဲ့တဲ့အတွက် ပွဲဆက်မကစားနိုင်တော့ပဲ လူစားလဲလိုက်ရသလို ကွင်းထဲကနေလည်း ထမ်းစင်နဲ့ သယ်သွားခဲ့ရပါတယ်။

Photo Credit : Barca Blaugranes

တာစီဂန်အနေနဲ့ ရရှိသွားတဲ့ ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုတွေ ခံယူသွားရတော့မယ်လို့ ဘာစီလိုနာအသင်းဘက်ကနေ အတည်ပြု ထုတ်ပြန်လာခဲ့ပြီး (၇)လကနေ (၈)လလောက်အထိ ကာလရှည်ကြာ အနားယူသွားရနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိ ဘာစီလိုနာအသင်းမှာ ဂိုးသမားတွေအဖြစ် ပီနာနဲ့ အာစတာလာဂါတို့ (၂)ဦးတည်းသာ ရှိနေတော့ပြီး အပြောင်းအရွှေ့ဈေးကွက်ကလည်း ပိတ်သိမ်းထားပြီး ဖြစ်တာကြောင့် ဘာစီလိုနာအနေနဲ့ လက်ရှိ ဂိုးသမား(၂)ဦးပဲကို အလှည့်ကျ အသုံးပြုမလား ဒါမှမဟုတ် အသင်းလက်မဲ့ ဂိုးသမားတစ်ဦးကို ခေါ်ယူမလားဆိုတာပဲ စဉ်းစားရပါတော့မယ်။

Photo Credit : Eurosport

Free agent ဖြစ်နေတဲ့ ဂိုးသမားတွေထဲမှာ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ရဲ့ ဂိုးသမားဟောင်းကြီး ကေလာ နာဗက်စ်နဲ့ လီဗာပူးလ် ဂိုးသမားဟောင်း ကာရီးယပ်စ်တို့ ရှိနေသလို မကြာသေးခင်မှ ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ ဆက်ဇနီနဲ့ ဂိုးသမားဟောင်းကြီး ဘရာဗိုတို့လည်း ရှိနေပြန်ပါတယ်။

ဒီကစားသမားတွေထဲကမှ ဘာစီလိုနာအတွက် ပွဲပေါင်း (၇၀)ကျော် ပါဝင်ထားခဲ့ဖူးတဲ့ ဂိုးသမားကြီး ဘရာဗိုက “ဘာစီလိုနာအသင်းကသာ ကျွန်တော့်ကို ခေါ်ယူမယ်ဆိုရင် ကျွန်တော်လည်း အဆင်သင့်ပါပဲ။” လို့ ပြောဆိုထားခဲ့ပါတယ်။ အသက် (၄၁)နှစ်အရွယ် ချီလီ ဂိုးသမားကြီးဟာ သူ့အသင်းဟောင်း ဘာစီလိုနာကသာ ပြန်ခါ်မယ်ဆိုရင် အနားယူထားရာကနေ ဘောလုံးလောကထဲ ပြန်ဝင်လာဖွယ် ရှိနေပါတယ်။

Exit mobile version