ချယ်လ်ဆီးအသင်းမှာ (၁၀)နှစ်နီးပါးလောက် ဖြတ်သန်းခဲ့ဖူးတဲ့ ဝါရင့်နောက်ခံကစားသမားကြီး အိုင်ဗန်နိုဗစ်ဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်လို့နေတဲ့အတွက် သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး လတ်တလောမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တတ်လှမ်းလာခဲ့တဲ့ ဝက်ဘရွန်းအသင်းက အိုင်ဗန်နိုဗစ်ကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေကို ပြုလုပ်နေပြီဖြစ်တယ်လို့ အားကစားသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : Daily Mail

အသက်(၃၆)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဆာဘီးယားလက်ရွေးစင် နောက်ခံအစွန်လူကြီး အိုင်ဗန်နိုဗစ်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေများစွာ ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ (၁၀)နှစ်တာကာလအတွင်း အသင်းနဲ့အတူ ချန်ပီယံလိဂ်နဲဲ့ ယူရိုပါလိဂ်ဖလားတွေ ပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ဆုဖလား(၃)ကြိမ်နဲ့ အက်အေဖလားကိုလည်း (၃)ကြိမ်စီ ရယူနိုင်ခဲ့ပါသေးတယ်။ ချယ်လ်ဆီးနဲ့ လမ်းခွဲပြီးနောက်မှာလည်း အိုင်ဗန်နိုဗစ်ဟာ ရုရှားထိပ်သီးကလပ် ဇင်းနစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဇင်းနစ်မှာလည်း (၃)နှစ်လောက်အထိ ပါဝင်ကစားခဲ့ပါတယ်။

Photo Credit : Daily Mail

ဇင်းနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက်မှာတော့ အိုင်ဗန်နိုဗစ်ဟာ အသင်းလက်မဲ့ဖြစ်သွားခဲ့ပြီး အဲဗာတန်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သေးပေမယ့် အဲဗာတန်ဘက်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့သလို အိုင်ဗန်နိုဗစ်အတွက် ကမ်းလှမ်းမှုတွေကိုလည်း လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အိုင်ဗန်နိုဗစ်လို ပရီးမီးယားလိဂ်မှာ (၁၀)နှစ်လောက်ထိ ကျင်လည်ခဲ့ဖူးပြီး နည်းပြမျိုးစုံလက်အောက်မှာ ပါဝင်ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရင့် နောက်ခံလူတစ်ယောက်ကို ပရီးမီးယားလိဂ်ဆီ တန်းပြန်တတ်လာခဲ့တဲ့ ဝက်ဘရွန်းအသင်းကနေ ခေါ်ယူချင်နေတဲ့အတွက် ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။ ဝက်ဘရွန်းဟာ လာမယ့် ဖေဖော်ဝါရီလမှာ အသက်(၃၇)ပြည့်တော့မယ့် အိုင်ဗန်နိုဗစ်အတွက် တစ်နှစ်စာချုပ်နဲ့သာ ကမ်းလှမ်းဖွယ်ရှိပေမယ့် အိုင်ဗန်နိုဗစ်က ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဇင်းနစ်အသင်းနဲ့အတူ ပြိုင်ပွဲစုံပွဲ(၃၀)ကျော်အထိ ကြံခိုင်မှုအပြည့်နဲ့ ကစားနိုင်ခဲ့တာဖြစ်လို့ သူရဲ့ Fitness ပတ်သက်ပြီး ဝက်ဘရွန်းအသင်းဘက်ကနေ စိတ်ချရနိုင်ပါတယ်။ ခရိုအေးရှားနည်းပြဟောင်းဘီလစ် ကိုင်တွယ်နေတဲ့ ဝက်ဘရွန်းအသင်းဟာ မနှစ်က ဘောလုံးရာသီအတွင်း ချန်ပီယံရှစ်မှာ အဆင့်(၂)နေရာကို ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တိုက်ရိုက်တန်းတတ်ခွင့်ရထားပေမယ့် ကစားသမားအစုအဖွဲ့ အင်အားနည်းမှုကြောင့် တန်းပြန်ဆင်းရဖို့ ရေပန်းစားလို့နေပါတယ်။