ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တ​ဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ လူငယ် နောက်ခံလူ ဖြစ်တဲ့ ဘရန်ဒန် ဝီလီယံဟာ သူ့ရဲ့ ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ ဖခင်ကို မာစီးဒီး ကားသစ်တစ်စီး ဝယ်ယူကာ လက်ဆောင် ပေးအပ် ခဲ့တယ်လို့ သိရှိရပါတယ်။ အသက် ၁၉နှစ်အရွယ် နောက်ခံလူ ဘရန်ဒန် ဝီလီယံဟာ ဘယ်စွန် နောက်ခံလူ နေရာမှာရော ညာစွန်နောက်ခံလူ နေရာမှာပါ ကစားနိုင်သူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာမှ နည်းပြဆိုးလ်ရှားရဲ့ နေရာပေးမှုကို ခံလာရသူ ဖြစ်ကာ သူ့ရဲ့မဆုတ်မနစ် ကြိုးစား အားထုတ်မှုတွေကြောင့် မန်ယူအသင်း အတွက် အားကိုးရမယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးထားကြပါတယ်။

Photo Credit: Standard.com

ဘရန်ဒန် ဝီလီယံဟာ လက်ရှိ ဘောလုံးရာသီ မှာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ ၁၂ပွ​ဲ ပါဝင်ကစားခွင့် ရရှိထားပြီး ၁ဂိုး သွင်းယူကာ ၁ဂိုး ဖန်တီး ပေးထားနိုင်သူပါ။ သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ ပြီးခဲ့တဲ့ အောက်တိုဘာလက မှ မန်ယူအသင်းနဲ့အတူ ကာလရှည်စာချုပ် တစ်ခုကို ချုပ်ဆိုနိုင်ခဲ့ပြီး Mirror သတင်းစာရဲ့ ဖော်ပြမှုအရတော့ ဝီလီယံဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်၄၀၀၀၀ဝန်းကျင်အထိ ရရှိနိုင်တယ်လို့ သိရပါတယ်။ ဘရန်ဒန် ဝီလီယံဟာ သူ့ဖခင်ဖြစ်သူရဲ့ မွေးနေ့အတွက် အနက်ရောင် တန်ဖိုးကြီး မာစီးဒီးကား တစ်စီးကို ဝယ်ယူခဲ့ပြီး သူတို့အိမ်ရဲ့ နောက်ဖေးဘက်မှ ရှိတဲ့ ပန်းခြံထဲမှာ ရပ်ထားခဲ့ပါတယ်။

Photo Credit: Standard.com

အဲ့ဒီနောက်မှာတော့ သူတို့ မိသားစုဝင်တွေဟာ ဝီလီယံရဲ့ ဖခင်ဖြစ်သူကို မာစီးဒီးကားဆီ ခေါ်ဆောင်လာခဲ့ပြီး ” Happy Birthday ” လို့ ပြိုင်တူအော်ကာ မွေးနေ့လက်ဆောင်ကို ပေးခဲ့ကြပါတယ်။ အဆိုပါ မွေးနေ့လက်ဆောင်ပေးမှုကို ဝီလီယံရဲ့ မိခင်က ဗွီဒီယိုဖိုင်တစ်ခု ရိုက်ကူး ထားခဲ့ပြီး ဝီလီယံရဲ့ အင်စတာဂရမ်အကောင့် မှာ တင်ထားခဲ့ပါတယ်။ ဝီလီယံရဲ့ ဖခင်ဖြစ်သူ ကတော့ မာစီးဒီးကားကို မြင်လိုက်ရချိန်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး ” ဒါကြီးက ငါ့အတွက်လား… တကယ်ကြီးပြောနေကြတာလား ” လို့ မိသားစုဝင်တွေကို ပြန်မေးကာ ပျော်ရွှင်နေခဲ့ပါတယ်။ ဝီလီယံရဲ့ အဆိုပါ မွေးနေ့လက်ဆောင်ပေးမှု အတွက် မန်ယူအသင်းရဲ့ ပရိသတ်တွေကတော့ ဝီလီယံကို ချီးကျူးနေကြပါတယ်။