စပိန် ဆီဂန်ဒါကလပ် အက်စ်ပန်ညိုမှာ ကစားနေတဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဘရိတ်ဝိတ်ရဲ့ ကိုယ်စားလှယ်တွေက တိုက်စစ်မှူး ရှာပုံတော် ဖွင့်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဆက်သွယ်ကာ သူတို့ရဲ့ တိုက်စစ်မှူးကို ခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်း အသိပေးထားတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ မာရှယ် ၊ ဟွိုက်လန်း စတဲ့ တိုက်စစ်မှူး ၂ဦးထဲသာ ပိုင်ဆိုင်ထားသလို မာရှယ်ကလည်း ဒဏ်ရာကို ခွဲစိတ်မှု လုပ်ခဲ့တာကြောင့် ရာသီကုန် အထိ အနားယူရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က လက်ကျန် ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် ၁ဦး ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ယူနိုက်တက်က ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်မိမှာ စိုးရိမ်တာကြောင့် အဖိုးနည်းတဲ့ တိုက်စစ်မှူးတွေ ၊ အငှားနဲ့ ခေါ်ယူနိုင်မယ့် တိုက်စစ်မှူးတွေကိုသာ လိုက်လံ ရှာဖွေနေပါတယ်။

တဖက်မှာတော့ အသက် ၃၂နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဘရိတ်ဝိတ်က ယခုနှစ် ဘောလုံးရာသီမှာ အက်စ်ပန်ညိုနဲ့ တောက်ပနေပြီး သူက အက်စ်ပန်ညိုအတွက် ဆီဂန်ဒါပြိုင်ပွဲမှာ (ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ အဆင့် တူပါတယ်) ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဂျရေမီ ဘိုင်လီရဲ့ ဖော်ပြချက်အရ ဘရိတ်ဝိတ်ရဲ့ ကိုယ်စားလှယ်တွေက မန်ချက်စတာ ယူနိုက်တက်ထံ ဆက်သွယ်ကာ သူတို့ရဲ့ ကစားသမားကို ခေါ်ယူလိုပါက ခေါ်ယူနိုင်ကြောင်း အသိပေးထားပြီး ယူနိုက်တက်က ဘရိတ်ဝိတ်ကို ခေါ်သင့် ၊ မခေါ်သင့် စဉ်းစားနေကြောင်း သိရှိရပါတယ်။

စပိန်အခြေစိုက် သတင်းရင်းမြစ်တွေကတော့ ဘရိတ်ဝိတ်ဟာ ဒီရာသီမှာ အက်စ်ပန်ညိုနဲ့အတူ ခြေစွမ်းပြ ကစားနေတာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတချို့ ရှိနေပြီး ဘရိတ်ဝိတ်နဲ့ အက်စ်ပန်ညိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၆သိန်းသာ ရှိကြောင်း ဖော်ပြထားကြပါတယ်။