သိပ်မကြာသေးခင်ကမှ ဘာစီလိုနာအသင်းရဲ့ ပေါ်တူဂီ လူငယ်တိုက်စစ်ကစားသမားလေး ဖရန်ဆစ်စကိုထရန်ကာအိုကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ဝုလ်ဗ်အသင်းဟာ နောက်ထပ် ဘာစီလိုနာ ကစားသမားတစ်ယောက်အဖြစ် ဒိန်းမတ်တိုက်စစ်ကစားသမား မာတင်ဘရေ့ဝိတ်ကိုပါ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ စပိန်သတင်းမီဒီယာ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘရေ့ဝိတ်ဟာ ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ်ကမှ လာလီဂါ ကလပ်အသင်းလေး လီဟာနက်စ်ကနေ ဘာစီလိုနာအသင်းဆီကို အမှတ်မထင် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝအတွင်း ကလပ်အသင်းငယ်တွေမှာသာ ကျင်လည်ခဲ့ဖူးတဲ့ ဘရေ့ဝိတ်ဟာ ဘာစီလိုနာအသင်းမှာ ခပ်မြန်မြန်အထိုင်ကျခဲ့ပေမယ့် သူ့ကို ဘာစီလိုနာဘက်ကနေ အသင်းမှာ ရေရှည်မထားချင်တဲ့အပြင် စျေးကွက်ထဲမှာလည်း တိုက်စစ်မှူးသစ်တွေ ခေါ်ယူထားခဲ့တာကြောင့် ဘရေ့ဝိတ်ကို ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်ဖွယ် ရှိနေရတာဖြစ်ပါတယ်။

ဒီလို အနာဂတ် အခြေအနေတွေ လှုပ်ခတ်နေရတဲ့ ဘရေ့ဝိတ်ကို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေဖြစ်တဲ့ ဘရိုက်တန် ဝက်စ်ဟမ်းနဲ့ ဝုလ်ဗ်အသင်းတွေကနေ စောင့်ကြည့်လျက်ရှိနေပြီး ကစားသမားကိုယ်တိုင်က နာမည်ကျော်အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ လက်တွဲထားတာဖြစ်လို့ ဂျော့မန်ဒက်စ်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိလို့နေတဲ့ ဝုလ်ဗ်အသင်းဆီကို ရောက်ရှိဖို့က ပိုမိုနီးစပ်လာခဲ့ရပါတယ်။ ဝုလ်ဗ်အသင်းဟာ ဒီလအတွင်းမှာပဲ ဘာစီလိုနာအသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ ထရန်ကာအိုကို အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အခုလည်း နောက်ထပ် ဘာစီလိုနာ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘရေ့ဝိတ်ကိုပါ ထပ်မံခေါ်ယူသွားဖို့ နီးစပ်လို့နေတာဖြစ်ပါတယ်။ ပေါ်တူဂီ ဘောလုံးသမားတွေကို အဓိကထား ခေါ်ယူတတ်လေ့ရှိတဲ့ ဝုလ်ဗ်အသင်းဟာ ပေါ်တူဂီလူမျိုး နာမည်ကျော်အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ မကြာခဏ အလုပ်တွဲလုပ်တတ်တာဖြစ်လို့ ဒီတစ်ကြိမ်မှာလည်း မန်ဒက်စ်ရဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘရေ့ဝိတ်ကို ခေါ်ယူသွားဖို့ အခြေအနေကောင်းနေခဲ့တာဖြစ်ပါတယ်။