MySport Myanmar

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘက်ခမ်းရဲ့ အမာခံပရိသတ်ပါလို့ ထုတ်ပြောလာတဲ့ ဘိုဝင်

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်သူ ဘိုဝင်က သူဟာ ငယ်စဉ်တုန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ ဒေးဗစ် ဘက်ခမ်းတို့ရဲ့ အမာခံ ပရိသတ် ဖြစ်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဘိုဝင်က ညာတောင်ပံ ၊ ဘယ်တောင်ပံ ၊ နောက်ချန်တိုက်စစ်နဲ့ အထောင်တိုက်စစ်မှူး နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ အဓိက ကစားလေ့ ရှိတဲ့ နေရာကတော့ ညာတောင်ပံပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဘိုဝင်က ၂၀၂၀ခုနှစ်မှာ ဟူးလ်စီးတီး ကနေ ဝက်စ်ဟမ်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူက ယခုနှစ်ရာသီမှာလည်း ဝက်စ်ဟမ်း အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်သီးအသင်း တချို့နဲ့ ဥရောပ နာမည်ကြီးကလပ် တချို့က ဘိုဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး ဝက်စ်ဟမ်းကလည်း သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို လက်မလွှတ်ချင်တာကြောင့် မကြာသေးမီကပဲ ဘိုဝင်ကို ၇နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: The Sun

ကာလရှည်စာချုပ် ချုပ်ဆိုထားတာကြောင့် အသင်းပြောင်းဖို့ စိတ်ကူးမရှိတော့တဲ့ ဘိုဝင်က Sky Sportsနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ အားပေးခဲ့တဲ့ ကလပ်အသင်းနဲ့ သူ့ရဲ့ Idolတို့ကို ဖွင့်ဟ ပြောပြသွားခဲ့ပြီး ဘိုဝင် အားပေးခဲ့တဲ့ ကလပ်အသင်းကတော့ မန်ချက်စတာ ယူနိုက်တက်ပဲ ဖြစ်ပါတယ်။

ဘိုဝင်က – “ကျွန်တော် ငယ်ငယ်တုန်းက အားပေးခဲ့တဲ့ ကလပ်အသင်းကို ပြောရမယ် ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက်ပါပဲ။ ကျွန်တော်က ယူနိုက်တက်ကို အားပေးပြီး ကြီးပြင်းလာခဲ့တာပါ။ ကျွန်တော်က ဒေးဗစ် ဘက်ခမ်းကို သဘောကျတဲ့သူပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version