ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ကနေ တန်းဆင်းသွားခဲ့တဲ့ ဘုန်းမောက် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းက စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ ကစားသမား ဖြစ်သူ ဒေးဗစ် ဘရုခ်ကို ရောင်းချသွားဖို့ အဆင်သင့် ဖြစ်နေတယ် လို့ သိရပါတယ်။ ဘုန်းမောက်အသင်း ဟာ တန်းဆင်းသွားရပြီ ဖြစ်တာကြောင့် အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ အတွက် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းချသွားဖို့ စီစဉ်နေပြီး လတ်တလောမှာတော့ ဒေးဗစ် ဘရုခ်ကို ကမ်းလှမ်းလာတဲ့ အသင်းရှိပါက ရောင်းချသွားဖို့ စဉ်းစားနေပါတယ်။

Photo Credit: Utd Report

တစ်ဖက်မှာတော့ မန်ယူအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အသင်းရဲ့ အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ညာတောင်ပံ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ အတွက် ကြိုးစားနေပေမယ့် အဆင်မပြေသေးတာကြောင့် ဆန်ချို အစား ဒေးဗစ် ဘရုခ်ကို ခေါ်ယူဖို့ စောင့်ကြည့်လာခဲ့တာပါ။ ဒေးဗစ်ဘရုခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဒဏ်ရာပြဿနာကြောင့် ဘုန်းမောက် အသင်း အတွက် ပွဲထွက်ခွင့် များများစားစား မရရှိခဲ့ပေမယ့် ၂၀၁၈- ၂၀၁၉ ဘောလုံးရာသီမှာတော့ ဘုန်းမောက်အသင်းရဲ့ အဓိက ညာတောင်ပံ ကစားသမား ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၃၃ပွဲ အထိ ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူ ထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Utd Report

မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ အသင်းကို ဗြိတိန်အခြေစိုက် ကစားသမားတွေနဲ့သာ ဖွဲ့စည်းဖို့ စဉ်းစားနေတာ ဖြစ်ပြီး ဆန်ချိုကို မရသေးမီ ကာလအတွင်းမှာ ဒေးဗစ် ဘရုခ်ဟာ အသင်းရဲ့ ညာတောင်ပံ အတွက် အကောင်းဆုံး ကစားပေးနိုင်မယ် လို့ ယုံကြည်ထားကြောင်း သိရပါတယ်။ ဘုန်းမောက်အသင်းနဲ့ နီးစပ်သူတွေကတော့ ဘုန်းမောက်အသင်းဟာ ဒေးဗစ်ဘရုခ် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာခဲ့ပါက ဒေးဗစ် ဘရုခ်ကို ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုထားကြပြီး ဘရုခ်ရဲ့ ကာလတန်ကြေးဟာ ယူရို ၂၀သန်း ဝန်းကျင် သာ ရှိတာကြောင့် မန်ယူအသင်းအနေနဲ့ ဒေးဗစ် ဘရုခ်အတွက် ဘုန်းမောက်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၂၀သန်း ဝန်းကျင် ပေးချေရုံနဲ့ ဘရုခ်ကို ခေါ်ယူနိုင်မှာ ဖြစ်ကြောင်း အင်္ဂလန် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။