တန်းဆင်းဇုန် အောက်ဆုံး(၃)သင်းထဲကို ရောက်ရှိလို့နေပြီး တန်းဆင်းရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘုန်းမောက်အသင်းနဲ့ မနှစ်က ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်ထိ ရောက်ရှိထားပြီး လာမယ့်နှစ်မှာ ယူရိုပါလိဂ်ဝင်ခွင့်တောင် မသေချာတော့တဲ့ စပါးအသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)အဖြစ် ရင်ဆိုင်ကစားခဲ့ရာ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။

ဧည့်သည်စပါးအသင်းဘက်မှာ ဆွန်ဟောင်မင် အရန်စာရင်းမှာပဲ ပါဝင်ခဲ့ပြီး ဒိုင်ယာကလည်း ပွဲပယ်ခံထားရလို့ လူစာရင်းကို အပြောင်းအလဲလုပ်ထားခဲ့ရကာ ဟယ်ရီကိန်း လာမယ်လာ ဘာ့ဂျ်ဝင်း လိုဆယ်ဆို ဟယ်ရီဝင့် ဆစ်ဆိုခို အယ်ဒါဝီရယ် ဒေးဗီစ် အော်ရီယာ ဗာတွန်ဂန်နဲ့ လိုရစ်တို့ကို အသုံးပြုလာခဲ့ရပါတယ်။ အိမ်ရှင်ဘုန်းမောက်ကလည်း ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်ကင်းလာတဲ့ ကော်လန်ဝီလ်ဆန်ကို ကင်းနဲ့တွဲဖက်ပြီး တိုက်စစ်မှာ အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းအတွင်း စပါးရဲ့ ကစားဟန်က အားနည်းနေခဲ့ပြီး ဘောလုံးကိုင်ထားချိန်တွေများနေလို့သာ ဘုန်းမောက်ထက် ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ သာခဲ့ရတာဖြစ်ပြီး ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှမရှိတဲ့အထိ ရုပ်ပျက်နေခဲ့ရပါတယ်။ ဘုန်းမောက်ကတော့ Pressing ပိုလုပ်နိုင်ခဲ့ပြီး စပါးထက် တိုက်စစ်ပိုင်းမှာ မဆိုသလောက် သာနေခဲ့ပါတယ်။

အပြောင်းအလဲတွေ မဖြစ်မနေလုပ်ဖို့ လိုအပ်လာခဲ့တဲ့ စပါးဟာ ဒုတိပိုင်းစစချင်းမှာပဲ အမ်ဒွန်ဘီလီနဲ့ ဆွန်ဟောင်မင်တို့ကို လူစားလဲခဲ့ပြီး တိုက်စစ်အရှိန်မြင့်တင်လာခဲ့ပါတယ်။ ဒါပေမယ့် စပါးတိုက်စစ်က သိသိသာသာ ကောင်းမွန်လာခြင်းမရှိလို့ လူးကပ်မော်ရာကိုပါ အစားထိုးလာခဲ့ရာမှာတော့ တိုက်စစ်ပိုင်းက အားနည်းနည်းကောင်းလာခဲ့ပြီး ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဂိုးရဖို့ကတော့ ရုန်းကန်နေရသလို ဘုန်းမောက်ကလည်း ကောင်တာတွေကနေ ပြန်လည်ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ ကော်လန်ဝီလ်ဆန်က Bicycle ကန်ချက်နဲ့ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပေမယ့် အသင်းဖော်ကင်းရဲ့ လက်နဲ့ထိသွားခဲ့လို့ သွင်းဂိုးကို ပယ်ဖျက်ခံခဲ့ရပါတယ်။