ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက် ပိတ်သိမ်းခါနီးလောက်မှာပဲ တိုက်စစ်ကစားသမားတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူသွားဖို့ လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးရှာပုံတော်စာရင်းအတွင်းမှာ ပါဝင်လာခဲ့တဲ့ ဘုန်းမောက်အသင်းရဲ့နော်ဝေတိုက်စစ်ကစားသမား ဂျိုရှုအာကင်းက သူငယ်စဉ်က ကျင်လည်ခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းနဲ့ တဖန်ပြန်လည်ပူးပေါင်းရနိုင်ဖို့ မျှော်လင့်မိခဲ့ကြောင်း ဝန်ခံပြောဆိုကြားခဲ့ပြီး လက်ရှိမှာတော့ ဘုန်းမောက်အသင်းအတွက်ကိုပဲ အာရုံစိုက်လျက်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အသင်းဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ နိုင်ဂျီးရီးယားတိုက်စစ်ကစားသမား အိုဒီယွန်အီဂါလိုကို ၆လအငှားနဲ့ မခေါ်ယူခင်မှာ သူတို့ရဲ့ကစားသမားဟောင်းလေး ဂျိုရှုအာကင်းကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း အဆင်မပြေခဲ့လို့ အပြောင်းအရွှေ့က ပျယ်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ သတင်းတွေမှာ ဖော်ပြနေတာတော့ ယူနိုက်တက် ကင်းကို ကမ်းလှမ်းရမှာ သေသေချာချာ ကမ်းလှမ်းခဲ့ခြင်းမရှိလို့ အပြောင်းအရွှေ့မဖြစ်လာခဲ့ရတာလို့ သိထားရသလို တချို့မီဒီယာတွေမှာကလည်း ဘုန်းမောက်အသင်းက ကင်းရဲ့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားသစ် ပြန်ခေါ်ဖို့ အဆင်မပြေတော့တာကြောင့် ယူနိုက်တက်ဆီ လက်မလွတ်ခဲ့တာလို့လည်း သိရပါတယ်။

Photo Credit : Getty Images

အခုလို အသင်းဟောင်းရဲ့ကမ်းလှမ်းချက်တွေ ပြန်လည်ရချိန်တုန်းက ခံစားချက်တွေနဲ့ပတ်သက်ပြီး အသက်၂၈နှစ်အရွှယ် တိုက်စစ်မှူးကင်းက “ဒီကမ်းလှမ်းချက်က ဘယ်လောက်ထိကို နီးစပ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး မေးလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်ဘက်က No လို့ပဲ ပြန်လည်တုန့်ပြန်ရမှာပါ။ ကျွန်တော် ဘာပြောရမလဲဆိုတာကို ကျွန်တော်စောင့်ကြည့်နေခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၆နှစ်သားအရွှယ်တုန်းကတော့ အင်္ဂလန်နိုင်ငံနဲ့ မန်ချက်စတာကို ရောက်လာဖို့ဆိုတာက ကျွန်တော့်အတွက် အရမ်းကို စိတ်လှုပ်ရှားရာ ဖြစ်စေခဲ့သလို ယူနိုက်တက်နဲ့ ပူးပေါင်းခွင့်ရတော့လည်း အိမ်မက်တွေ တကယ်ဖြစ်လာသလို ခံစားခဲဲ့ရတယ်။ ဒါပေမယ့် အိမ်မက်အကြီးစားတွေ မဖြစ်လာခင်မှာ အခြေအနေ အကြောင်းကြောင်းကြောင့် အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ အခု ယူနိုက်တက်နဲ့ သတင်းတွေ ပြန်ထွက်လာတော့လည်း ၁၆နှစ်အရွှယ်တုန်းကလို ရင်ခုန်သံမျိုးတွေ ပြန်ဖြစ်ခဲ့တယ်။ မျှော်လင့်ခဲ့ပါတယ်။ ဖြစ်တော့မဖြစ်လာခဲ့ဘူးပေါ့။ ဘာကြောင့်လဲဆိုတာလည်း မသိပါဘူး” လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။