ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘုန်းမောက်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဒိုနီက ပရီးမီးယားလိဂ် ပွဲစဉ်(၉) အပြီးမှာ အသင်းအတွက် နိုင်ပွဲ တပွဲမှ မယူပေးထားနိုင်တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီလို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

စပိန်လူမျိုး နည်းပြဖြစ်သူ အန်ဒိုနီ အီရာအိုလာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဘုန်းမောက်ကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ဘုန်းမောက်ကို ပြိုင်ပွဲစုံမှာ ၁၁ပွဲသာ ကိုင်တွယ်ရပါသေးတယ်။

Photo Credit: Guardian

အန်ဒိုနီ အီရာအိုလာရဲ့ လက်အောက်မှာ ဘုန်းမောက်ရဲ့ ကစားပုံက အနည်းငယ် တိုးတက်လာပေမယ့် သူတို့ရဲ့ ရလဒ်ပိုင်းက အားရစရာ မကောင်းပဲ ပြိုင်ပွဲစုံ ၁၁ပွဲမှာ ၂ပွဲထဲသာ အနိုင်ရရှိထားသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ၉ပွဲ ကစားထားရာ ၃ပွဲသရေ ၆ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးတွေကို ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် ဘုန်းမောက်က အဆိုပါ ၉ပွဲမှာ သွင်းဂိုး ၆ဂိုးထဲသာ သွင်းယူနိုင်ခဲ့သလို ပေးဂိုးကလည်း ၂၀ဂိုး အထိ ရှိခဲ့တာကြောင့် ဘုန်းမောက်ရဲ့ တာဝန်ရှိသူတွေက အချိန်မလွန်ခင် နည်းပြအပြောင်းအလဲ လုပ်ကာ အသင်းကို တန်းဆင်းဇုန်ထဲ ကနေ ဆွဲထုတ်ဖို့ စဉ်းစားနေကြပါတယ်။

Photo Credit: Sporting News

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဘုန်းမောက်ရဲ့ တာဝန်ရှိသူတွေက အန်ဒိုနီ အီရာအိုလာကို ရာထူးကနေ ထုတ်ပယ်ဖို့ တိုင်ပင် ဆွေးနွေးနေကြသလို အန်ဒိုနီ အီရာအိုလာဟာ ဘုန်းမောက်ကို စွန့်ခွာရဖို့ ရာခိုင်နှုန်း အတော်လေး များပြားနေပြီး ယခုတပတ်မှာ ကစားရမယ့် ဘုန်းမောက်နဲ့ ဘန်လေတို့ရဲ့ ပွဲစဉ်ဟာ အန်ဒိုနီ အီရာအိုလာရဲ့ နည်းပြရာထူးကို အဆုံးအဖြတ် ပေးမယ့် ပွဲစဉ် ဖြစ်ကြောင်း သိရပါတယ်။