ဒီနေ့ Super Sunday ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တန်းဆင်းဇုန်အတွင်းက ဘုန်းမောက်အသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာအတွက် ကြိုးပမ်းနေတဲ့ အဆင့်(၄)နေရာက လက်စတာအသင်းတို့ Vitality ကွင်းအတွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒုတိယပိုင်းအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင်ဘုန်းမောက်တို့ (၄)ဂိုး (၁)ဂိုးနဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : Getty Image

လက်စတာအသင်းက ဗာဒီ အီယန်နာချို ပီရက်ဇ် အမ်တီတီ တိုင်လီမန်းစ် အယ်ဘရိုက်တန် ဖျူလ်စ် ဆိုရန်ဂူ အီဗန် ဂျက်စတင် ရှမိုက်ကယ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဘုန်းမောက်ကတော့ ဂျိုရှုအာကင်း မပါဝင်ခဲ့ပဲ စတန်နီစလပ်တောင် အရန်မှာသာ ပါဝင်လာခဲ့ကာ ဝီလ်ဆန် ဆိုလန်ကီ လာမာ ဂေါ့စလင်း ဘရွှတ်စ် အကီတို့နဲ့ ပွဲထွက်လာခဲ့ရပါတယ်။ ပထမပိုင်းအတွင်း ဘုန်းမောက်ရဲ့စွမ်းဆောင်ရည်က အဖက်ဖက်ကကို အားရစရာမရှိပဲ အားထားရတဲ့ နောက်ခံလူအကီကပါ ဒဏ်ရာရသွားခဲ့သလို ခံစစ်ပိုင်းအမှားအယွင်းကနေလည်း လက်စတာကို သွင်းဂိုးခွင့်ပြုလိုက်ရပြီး ဗာဒီက (၂၃)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

 

Photo Credit : Getty Image

ဒုတိယပိုင်းမှာတော့ ဘုန်းမောက်ဘက်က ရုန်းအားတွေကို စတင်မြင်တွေ့လာရပြီး လက်စတာဘက်က ရှမိုက်ကယ်နဲ့ အမ်တီတီတို့ ပေါ့ဆမှုကနေတစ်ဆင့် (၆၅)မှာ ဘုန်းမောက်တို့ ပင်နယ်တီရရှိခဲ့ပြီး လူစားဝင်လာခဲ့တဲ့ စတန်နီစလပ်စ်က ချေပဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။ ချေပဂိုးရပြီး မိနစ်ပိုင်းလေးအတွင်းမှာပဲ တစ်ပွဲလုံး သုံးစားလို့မရအောင် ညံဖျင်းနေတဲ့ ဆိုလန်ကီက ဦးဆောင်ဂိုးကို သွင်းယူခဲ့ကာ ဒီဖြစ်ရပ်ကို မကျေမနပ်ဖြစ်ခဲ့တဲ့ ဆိုရန်ဂူက ဝီလ်ဆန်အပေါ် ကြမ်းကြမ်းတမ်းတမ်းတွေ ပြုမှုခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပါတယ်။ ကစားသမားတစ်ယောက်သာသွားတဲ့ ဘုန်းမောက်ဟာ (၈၃)မိနစ်မှာလည်း နောက်ထပ်သွင်းဂိုးထပ်ရခဲ့ပြီး စတန်နီစလပ်စ်ရဲ့ကန်ချက် အီဗန်ကထိကာ လမ်းကြောင်းပြောင်းကာ ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ (၈၇)မိနစ်မှာလည်း လက်စတာနောက်တန်း အမှားကနေပြီး ဆိုလန်ကီကပဲ စတုတ္ထမြောက်သွင်းဂိုးကို ထပ်မံရယူနိုင်ခဲ့ပါသေးတယ်။