MySport Myanmar

မန်ယူမှာ ပွဲကစားခွင့် နည်းနေရတဲ့ ဒင်းဟန်ဒါဆန်ကို ဖူဟမ်လ်နဲ့ ဘုန်းမောက်တို့ အလိုရှိနေ

လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တတ်လှမ်းလာနိုင်ခဲ့ကြတဲ့ ဖူလ်ဟမ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်ကို လာမယ့်စျေးကွက်အတွင်းမှာပဲ တစ်ရာသီအငှား ကမ်းလှမ်းမှုတွေနဲ့ အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၅)နှစ်အရွှယ်ရှိ ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တစ်ပွဲမှ ပါဝင်ထားရခြင်းမရှိပဲ ချန်ပီယံလိဂ် အက်အေဖလားနဲ့ လိဂ်ဖလားပြိုင်ပွဲတွေမှာသာ (၁)ပွဲစီ ပါဝင်ထားရတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက အသင်းရဲ့ ဂိုးပေါက်မှာ စပိန်ဂိုးသမား ဒေးဗစ်ဒဟေးယားကိုပဲ ပုံမှန်နေရာပေးထားတာဖြစ်လို့ ဒင်းဟန်ဒါဆန်ကိုယ်တိုင် အသင်းနဲ့ လမ်းခွဲချင်နေသလို အသင်းဘက်ကလည်း တစ်ပတ်လုပ်ခ ပေါင်(၁၂၀၀၀၀)ထိ ပေးချေနေရတဲ့ ကစားသမားကို အခြားအသင်း တစ်သင်းဆီ အငှားချပြီး လစာပါ ထက်ဝက်ပေးချေမှုကိုလည်း ထက်ဝက်လောက်အထိ လျော့ချသွားချင်နေပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းကို ၂၀၁၁ခုနှစ်ကတည်းက ရောက်ရှိလို့နေတဲ့ ဂိုးသမားဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှသာ ယူနိုက်တက်အတွက် စတင်ကစားခဲ့ရတာဖြစ်ပြီး ပွဲပေါင်း (၂၆)ပွဲ ကစားထားခဲ့ရပေမယ့်လည်း ဒီရာသီမှာ (၃)ပွဲဲသာ ကစားထားခဲ့ရသလို ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ရဖို့ကလည်း ခက်ခဲနေရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဟန်ဒါဆန်က ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ချင်နေတာဖြစ်ပြီး လတ်တလောမှာလည်း သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းပြန်တတ်လာခဲ့ကြတဲ့ ဖူလ်ဟမ်နဲ့ ဘုန်းမောက်အသင်းတို့ကပါ အငှားနဲ့ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ကြပါတယ်။ ဒင်းဟန်ဒါဆန်ကို လာမယ့်စျေးကွက်ထဲ ကစားသမားသစ် ခေါ်ယူမှုတွေ အင်တိုက်အားတိုက် လုပ်ဆောင်သွားမယ့် နယူးကာဆယ်အသင်းကလည်း ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပြီး ယူနိုက်တက်ဘက်က သူတို့ကစားသမားကို တခါတည်း အပြီးသတ် ရောင်းထုတ်သွားတာထက် အငှားသာ ချသွားချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က လာမယ့်ရာသီမှာ နည်းပြသစ် တန်ဟက်ဂ်နဲ့ စတင်လက်တွဲသွားမှာဖြစ်လို့ အသင်းရဲ့ ဂိုးပေါက်မှာ ဒီဂီယာကိုပဲ ဆက်လက်နေရာပေးမလား ဒါမှမဟုတ် ဒင်းဟန်ဒါဆန်ကို ဒီဂီယာထက် ပိုနေရာပေးနိုင်မလားဆိုတာ စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

Exit mobile version