MySport Myanmar

အာဆင်နယ် ကစားသမားဟောင်း ဂနာဘရီကို မန်ချက်စတာနှစ်သင်းလုံး အပြိုင် အလိုရှိနေ

မန်ချက်စတာမြို့ခံ ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာ ပါဝင်နေတဲ့ ဂျာမန်တောင်ပံကစားသမား ဆာ့ချ်ဂနာဘရီကို ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေကြတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွယ် ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ဂနာဘရီဟာ အာဆင်နယ်အသင်းမှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရပေမယ့်လည်း ပွဲအနည်းငယ်လေးသာ ကစားခဲ့ရပြီးနောက် ဝါဒါဘရီမင်အသင်းဆီ ရောင်းချခံခဲ့ရသလို အဲ့ဒီမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ဘိုင်ယန်အသင်းဆီ ထပ်မံရောက်ရှိခဲ့ရပါတယ်။ လက်ရှိမှာတော့ ဂနာဘရီဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့သလို အသင်းမှာကလည်း ဆာနေး ကိုးမန်းတို့အပြင် ဆာဒီယိုမာနေးပါ ရောက်ရှိလာခဲ့တဲ့အတွက် ဂနာဘရီရဲ့ ပွဲကစားခွင့်တွေ နည်းပါးလာမှာကို စိတ်ပူနေတဲ့အပြင် အသင်းအပြောင်းအလဲပါ လုပ်ဆောင်ချင်လာခဲ့ပါတယ်။

Photo Credit : Football London

ဒီလို အနာဂတ် မရေမရာ ဖြစ်နေရတဲ့ ဂနာဘရီကို သူရဲ့ကလပ်အသင်းဟောင်း အာဆင်နယ်နဲ့ မန်ချက်စတာမြို့ခံ အသင်းနှစ်သင်းက စိတ်ဝင်စားနေကြပြီး လက်ရှိ အခြေအနေတွေအရ ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ဂနာဘရီကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။ မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် အာလင်းဟော်လန်း ယူလီယန်အဲလ်ဗာရက်ဇ်တို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း အသင်းက ဂါဘရီရယ်ဂျေဇူးကို ရောင်းချထားပြီး ရာဟင်စတာလင်ကလည်း ပြန်လည်ထွက်ခွာဖို့ ရှိနေတဲ့အတွက် တောင်ပံတိုက်စစ် နေရာအတွက် ဂနာဘရီကို အလိုရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကလည်း အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အနာဂတ် မရေမရာမှုတွေကြောင့် တိုက်စစ်ပိုင်း အားဖြည့်ဖို့အတွက် ဂနာဘရီကို အလိုရှိနေပြီး ဂနာဘရီသာ ရောက်လာခဲ့မယ်ဆိုရင် အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ ရပ်ရှ်ဖို့ဒ် မာစီယဲလ်တို့ကို နေရာပေးပြီး ဂနာဘရီကို တောင်ပံမှာ အသုံးပြုလာဖွယ် ရှိနေပါတယ်။ ဘိုင်ယန်ကတော့ သူတို့ကစားသမားကို တစ်ပတ် ပေါင်(၂၀၀၀၀၀)နဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ဂနာဘရီဘက်က ပယ်ချထားလို့ ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းတန်နဲ့ အခုဈေးကွက်ထဲမှာပဲ အပြီးသတ် ရောင်းချသွားဖွယ် ရှိနေပါတယ်။

Exit mobile version