၂၀၂ဝခုနှစ်ရဲ့ အကောင်းဆုံးလူငယ်ကသစားသမားဆုကို ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်မှူးလေး အာလင်းဟာလန်းက လက်ရှိမှာ အရမ်းကို ထက်မြက်လွန်းနေတဲ့ လူငယ်ကစားသမားလေးတစ်ယောက်ကို သူတွေ့ရှိထားခဲ့ပြီး အဲ့ဒီလူငယ်လေးက အသက်(၁၆)နှစ်လေးသာ ရှိနေတယ်ဆိုပေမယ့်လည်း ဒီချာတိတ်လေးက လက်ရှိ ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံး ဖြစ်နေတယ်လို့ ချီးမွမ်းလိုက်လိုက်တယ်ပါတယ်။ ဟာလန်းချီးမွမ်းလိုက်တဲ့ ကစားသမားလေးကတော့ ယူဆူဖာမူခိုခိုဆိုတဲ့ ဆယ်ကျော်သက်ကြယ်ပွင့်လေးတစ်ယောက်ဖြစ်ပါတယ်။

Photo Credit : BBC

ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၀)ရက်နေ့ကမှ (၁၆)နှစ်ပြည့်ထားခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမားလေး ကင်မရွန်းနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက ဂျာမနီနိုင်ငံမှာ ကြီးပြင်လာခဲ့ရကာ စိန်ပေါ်လီဆိုတဲ့ ကလပ်အသင်းရဲ့ လူငယ်အသင်းမှာ စတင်ပါဝင်ကစားခဲ့ပါတယ်။ ၂၀၁၆ခုနှစ်အရောက်မှာတော့ ဒေါ့မွန်လူငယ်အကယ်ဒမီကို ပြောင်းရွှေ့လာခဲ့ပြီး အသက်(၁၄)နှစ်သားအရွှယ်မှာပဲ ဒေါ့မွန်ယူ-၁၉အသင်းအတွက် စတင်ပါဝင်ကစားခဲ့ရင်း ပွဲဦးထွက်ပွဲစဉ်မှာပဲ သွင်းဂိုး(၆)ဂိုးအထိကို အံ့မခန်းသွင်းယူနိုင်ခဲ့ပါတယ်။ မူခိုခိုဟာ ဒေါ့မွန်လူငယ်အသင်းအတွက် ပွဲပေါင်း(၈၈)ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၁၄၁)ဂိုးအထိကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီလိုဂိုးသွင်းစွမ်းရည်ကောင်းမွန်လှမှုတွေကြောင့် ဒေါ့မွန်စီနီယာအသင်းအတွက် ပွဲထွက်ကစားပေးတာတွေ မပြုလုပ်နိုင်သေးခင်မှာပဲ သူရဲ့နာမည်ကို ဘောလုံးပရိသတ်များစွာကနေ သတိထားမိလာခဲ့ပြီး ဒေါ့မွန်နည်းပြကလည်း သူ့ကို ပြီးခဲ့တဲ့ဇန်နဝါရီလကနေစတင်ကာ အသင်းကြီးက ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းတွေ ဆင်းခိုင်းခဲ့ပါတယ်။ ဒါ့အပြင် သူ့အတွက် ကံကောင်းသွားစေတာကတော့ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ကစားသမားတွေအတွက် အသက်အရွှယ် ကန့်သတ်မှုကို ပြင်ဆင်လိုက်ပြီး လူငယ်ကစားသမားတစ်ယောက်အနေနဲ့လည်း (၁၆)နှစ်ပြည့်ပြီးတာနဲ့ စီနီယာအသင်းအတွက် ပါဝင်ကစားခွင့် ရရှိနိုင်မှာဖြစ်လို့ မူခိုခိုဟာ (၁၆)နှစ်ပြည့်ပြီး တစ်ရက်အကြာ ဟာသာဘာလင်နဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားကြတဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာပဲ ဟာလန်းနဲ့ လူစားလဲပြီး ဒေါ့မွန်စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့ရပါတယ်။ အသက်(၁၆)နှစ်နဲ့(၁)ရက်သာရှိသေးတဲ့ မူခိုခိုဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ သမိုင်းတလျှောက်မှာ အသက်အငယ်ဆုံ ကစားသမားလေးအဖြစ် သတ်မှတ်ခံခဲ့ရပြီး သူကလည်း လက်ရှိ လူငယ်ကစားသမားတွေကို နေရာပေးတတ်လေ့ရှိတဲ့ ဒေါ့မွန်အသင်းမှာ ပါဝင်ကစားနေရတာဖြစ်လို့ ပွဲထွက်ခွင့်တွေ အခွင့်အရေးတွေ ဒီထက်မက ရရှိလာနိုင်ဖွယ် ရှိနေရပါတယ်။