စပိန်နိုင်ငံက သတင်းတွေအရ ဒေါ့မွန်အသင်းဟာ အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုအတွက် မန်ယူအသင်းရဲ့ ပေါင် (၁၁၈) သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ဖော်ပြခဲ့တာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ချေ ရှိနေပါတယ်။ စပိန် အခြေစိုက် Don Balon သတင်းက ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားမှာ ဖြစ်ပါတယ်လို့ ဖော်ပြခဲ့ပြီး ပြီးခဲ့တဲ့ လကလည်း ဆန်ချိုဟာ မန်ယူအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

Photo Credit: Gettyimage

အသက် (၂၀) အရွယ် လူငယ် ကစားသမား ဆန်ချိုကသာ မန်ယူအသင်းကို ရောက်ရှိသွားမယ် ဆိုရင် မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုပြီး အင်အားဖြည့်ပေးနိုင်မှာ သေချာနေတာကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းက သူ့ကို ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်လျက် ရှိပါတယ်။ Don Balon သတင်းက ဒေါ့မွန်အသင်းဟာ ဆန်ချိုနဲ့ အသင်းက ထွက်သွားဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ဒေါ့မွန်အသင်းကလည်း ဆန်ချိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဗလန်စီယာအသင်းရဲ့ တောင်ပံ ကစားသမား တော်ရက်စ်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

အင်္ဂလန် အခြေစိုက် The Sun သတင်းကလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်စီးတီးအသင်းမှာ ကစားခဲ့ဖူးတဲ့ တောင်ပံ ကစားသမား ဆန်ချိုဟာ မန်ယူအသင်းကို ပြောင်းရွေ့လာနိုင်ဖို့အတွက် မန်ယူအသင်းနဲ့ အပြင်းအထန် ချိတ်ဆက်နေတယ်လို့ အခိုင်အမာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ တောင်ပံ ကစားသမား ဆန်ချိုဟာ အင်္ဂလန်နိုင်ငံသား ဖြစ်တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာရောက် ကစားချင်တယ်လို့လည်း ပြောခဲ့ဖူးပြီး မန်စီးတီးအသင်းမှာ ကစားခဲ့စဉ်က ပွဲထွက်ခွင့် မရရှိခဲ့တာကြောင့် ဂျာမနီနိုင်ငံက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ပြောင်းသွားခဲ့ပါတယ်။ ဆန်ချိုကတော့ လက်ရှိရာသီမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၄၄) ပွဲ ကစားထားရာမှာ  သွင်းဂိုး (၂၀) ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိသတင်းသစ်တွေအရတော့ သိပ်မကြာခင်မှာ မန်ယူအသင်းရဲ့ ကစားသမားသစ် တစ်ယောက် ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်း အလွန် များပါတယ်။