MySport Myanmar

ဒေါ့မွန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ ပိုချက်တီနို

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ နည်းပြမားကို့ဟိုဆဲကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ဒေါ့မွန်အသင်းဟာ လစ်လပ်သွားခဲ့တဲ့ အသင်းနည်းပြနေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် နည်းပြသစ်တစ်ဦးကို ရှာဖွေနေပြီး လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက ဒေါ့မွန်ကို ကိုင်တွယ်ဖို့ ထိပ်ဆုံးနေရာကနေ ရေပန်းစားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ဂျာမနီလူမျိုး ဘောလုံးနည်းပြဟိုဆဲဟာ ဒေါ့မွန်အသင်းကို ဒီနှစ်ဘောလုံးရာသီ စတင်ချိန်ကည်းက ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို တစ်ရာသီသာ ကိုင်တွယ်ရပြီးနောက်မှာ ရုတ်တရက် အသင်းကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် လစ်လပ်သွားတဲ့ ဒေါ့မွန်အသင်းနည်းပြ နေရာမှာ အစားထိုး ဝင်ရောက်ဖို့အတွက် နည်းပြများစွာနဲ့ သတင်းထွက်လာခဲ့ပြီး လက်ရှိမှာတော့ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိ​နေတဲ့ နည်းပြပိုချက်တီနိုက ဒေါ့မွန်နည်းပြသစ် ဖြစ်လာဖို့ ထိပ်ဆုံးနေရာကကို ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။

Photo Credit : The Sun

အာဂျင်တီးနားလူမျိူး ဘောလုံးနည်းပြ ပိုချက်တီနိုဟာ လီဂူးကလပ် ပီအက်စ်ဂျီအသင်းကို တာဝန်ယူ ကိုင်တွယ်နေတာဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ပြင်သစ်လီဂူး ဖလားတစ်လုံးတည်းကိုသာ ရယူပေးထားနိုင်ခဲ့သလို ချန်ပီယံလိဂ်ကနေလည်း (၁၆)သင်းအဆင့်ကနေသာ လှည့်ပြန်ထားခဲ့ရတဲ့အတွက် အသင်းတာဝန်ရှိသူတွေက ပိုချက်ကို ဆက်လက် တာဝန်မပေးလိုတော့ပဲ နည်းပြအပြောင်းအလဲပါ လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီနဲ့ ပိုချက်တီနိုတို့သာ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် အသင်းလက်မဲ့ ဖြစ်သွားမယ့် ပိုချက်တီနိုကို ဒေါ့မွန်ဘက်က ဆက်သွယ်လာနိုင်တာကြောင့် ပိုချက်က ရေပန်းအစားဆုံး နေရာကို ရောက်ရှိနေရတာ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့နောက် ဒုတိယနေရာမှာတော့ ဒေါ့မွန်ရဲ့ နည်းစနစ် ဒါရိုက်တာ အေဒင်တက်ဇက်က ရပ်တည်နေပြီး တက်ဇက်ဟာ မနှစ်က ဘောလုံးရာသီမှာလည်း နည်းပြလူစီယန်ဖာ ထုတ်ပယ်ခံရချိန်မှာ အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ပိုချက် တက်ဇက်တို့နောက်မှာတော့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇီဒန်းနဲ့ နည်းကြဟောင်းကြီး ကလော့ပ်တို့ပါ ဒေါ့မွန်နည်းပြသစ် ဖြစ်လာနိုင်သူတွေထဲမှာ ပါဝင်လျက် ရှိနေရပါတယ်။

Exit mobile version