ဥရောပဘောလုံးလောကမှာ အတောက်ပဆုံး ဖြစ်လို့နေတဲ့ နော်ဝေကြယ်ပွင့်လေး တိုက်စစ်ကစားသမား အာလင်းဟာလန်းကို ဥရောပထိပ်တန်း ဘောလုံးကလပ်အသင်းများစွာကနေ ခေါ်ယူချင်နေကြပြီး တကယ်လို့ လာမယ့်နွေစျေးကွက်အတွင်းမှာသာ ဟာလန်းအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်လာကြမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၁၈၀) ပေါင်(၁၅၄)သန်းနဲ့ ကမ်းလှမ်းမှသာ ကမ်းလှမ်းမှုကို စဉ်းစားသွားမယ်လို့ ဟာလန်းရဲ့ကလပ် ဒေါ့မွန်အသင်းကနေ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Football Espana

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ နော်ဝေလက်ရွေးစင် ဂိုးသွင်းစက်လေး ဟာလန်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆာလ်ဇ်ဘာ့ဂ်မှာကတည်းက တိုက်စစ်စွမ်းရည် ပြသခဲ့တဲ့ ဟာလန်းဟာ ဒေါ့မွန်မှာလည်း သူရဲ့အကောင်းဆုံးပုံစံကို ဆက်လက်ပြသနိုင်ခဲ့တာကြောင့် ထိပ်သီးအသင်းများစွာက သူ့ကို အရခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဟာလန်းကို လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး မန်စီးတီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လို နာမည်ကြီးကလပ်အသင်းတွေကနေ အပြိုင်အဆိုင် ပစ်မှတ်ထားနေကြပါတယ်။

Photo Credit : Vbet News

ဟာလန်းကို ဒေါ့မွန်အသင်းဆီကို ရောက်ရှိနေတာ တစ်နှစ်ဝန်းကျင်လောက်သာ ရှိနေသေးပေမယ့်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုးများစွာ သွင်းယူထားနိုင်ခဲ့သလို ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ပြိုင်ပွဲစုံ (၃၁)ပွဲအတွင်းမှာ သွင်းဂိုးစုစုပေါင်း (၃၃)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို ဂိုးသွင်းစွမ်းရည်ကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ ဟာလန်းကို သူရဲ့ဖခင် ပါဝင်ကစားခဲ့ဖူးတဲ့ မန်စီးတီးအသင်းက အလိုရှိနေသလို မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် အခုလက်ရှိ ဒေါ့မွန်အသင်းဘက်ကနေ ဟာလန်းအတွက် သတ်မှတ်လိုက်တဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကတော့ အရမ်းများပြားနေတာကြောင့် ကလပ်အသင်းတော်တော်များများ ဟာလန်းကို ခေါ်ယူဖို့ လက်လျော့ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဟာလန်းဟာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာခဲ့စဉ်တုန်းက စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင်(၆၅)သန်း သတ်မှတ်ထားခဲ့ပြီး ဒီစာချုပ်ဖျက်သိမ်းကြေးကတော့ ၂၀၂၂ခုနှစ် မှသာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ လက်ရှိ ဟာလန်းဟာ နော်ဝေအသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ဆင်နွဲလျက်ရှိနေပါတယ်။