ဂီတာဖေးအသင်းနည်းပြဖြစ်သူ ဟိုဆေး ဘော်ဒါးလက်စ်က ဈေးကွက် နောက်ဆုံးနေ့မှ သူတို့အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာတဲ့ မေဆန် ဂရင်းဝုဒ်ကို သူတို့ဘက်က အကောင်းဆုံး ကူညီပေးသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

လာလီဂါကလပ် ဂီတာဖေးအသင်းက နွေဈေးကွက်ရဲ့ နောက်ဆုံးရက် နောက်ဆုံးအချိန်မှာပဲ မန်ယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ အံ့အားသင့်စဖွယ် ခေါ်ယူလိုက်ပြီး ဝေဖန်မှုတွေလည်း ရင်ဆိုင်နေရပေမယ့် သူတို့အသင်း ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝ ပြန်လည် ကောင်းမွန်လာဖို့အတွက် ကူညီပေးနိုင်လိမ့်မယ်လို့ ဂီတာဖေးနည်းပြ ဘော်ဒါးလက်စ်က ဆိုလိုက်ပါတယ်။

Photo Credit : Goal

ဘော်ဒါးလက်စ်က “ဒီပြသာနာကို အသေးစိတ် ရှင်းဖို့က အရမ်းသိမ်မွေ့တဲ့ အခြေအနေပါ။ ဖြစ်ပျက်ခဲ့တာတွေ လူတိုင်းလည်း သိကြပြီးတော့ သင့်လျော်တဲ့ အရေးယူမှုတွေလည်း လုပ်ခဲ့ပါသေးတယ်။ ပြစ်မှုထင်ရှားခြင်း မရှိဘူးဆိုတဲ့ စီရင်ချက်နဲ့ အဆုံးသတ်ခဲ့တယ်ဆိုတာကိုလည်း လူတိုင်းသိနေကြတာပဲ”

“သူက မြင့်မားတဲ့ အဆင့်တစ်ခုမှာ ရှိနေတဲ့ ဘောလုံးသမားတစ်ဦး ဖြစ်ပြီးတော့ ဂီတာဖေးအသင်းကိုလည်း စိတ်အားထက်သန်မှု ကြီးစွာနဲ့ ရောက်ရှိလာတာပါ။ ကျွန်တော် ဘောလုံး အဆင့်နဲ့ပဲ ပြောနိုင်ပါတယ်။ သူ့မှာ ဘောလုံးနဲ့ ပတ်သက်ပြီး ရှိနေတဲ့ အလားအလာတွေကို ကျွန်တော်တို့ အားလုံး သိထားပါတယ်။”

Photo Credit : Sportmanor

“သူက ငယ်ရွယ်သေးတဲ့ ကစားသမားလည်း ဖြစ်ပြီးတော့ သူ့အနေနဲ့ အရမ်း ကွဲပြားတဲ့ လိဂ်တစ်ခုမှာ အံ့ဝင်ခွင်ကျ ဖြစ်လာမယ်လို့တော့ မျှော်လင့်ပါတယ်။ သေချာတာကတော့ သူက သူရဲ့ ပရော်ဖက်ရှင် အဆင့်အတန်းတစ်ခုကို ပြန်လိုချင်နေမှာဖြစ်ပြီး ဒါကို ပြန်ရနိုင်ဖို့ ဂီတာဖေးအသင်းက ကူညီပေးနိုင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ယူနိုက်တက် နဲ့ အင်္ဂလန်မြေမှာ ဘောလုံးသမားဘဝကို ဖြတ်သန်းဖို့ ခက်ခဲနေရတဲ့ ဂရင်းဝုဒ်ဟာ ဂီတာဖေးနဲ့အတူ လာလီဂါမှာ တစ်ရာသီ ဖြတ်သန်းသွားရတော့မှာဖြစ်ပြီး ဝေဖန်ကဲ့ရဲ့မှုတွေကိုလည်း များစွာ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။