အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ အီတလီ လက်ရွေးစင် အသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဘိုနူချီကတော့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် အရေးကြီးတဲ့ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းနဲ့ တွေ့ဆုံရင် ညှာမှာ မဟုတ်ဘူးလို့ သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုကို သတိပေးလိုက်ပါတယ်။

အီတလီအသင်းနဲ့ ပေါ်တူဂီအသင်းတို့ဟာ ဥရောပဇုန်ကနေ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ပဲ လက်ကျန် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ၂နေရာစာ အတွက် ခြေစစ်ပွဲကို ဆက်လက် ယှဉ်ပြိုင်ရမယ့် အသင်းတွေပါ။

Photo Credit: Daily Mail

ကမ္ဘာ့ဖလားပြိုင်ပွဲ ၂နေရာစာမှာတောင်မှ သူတို့နှစ်သင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ၁နေရာစာကို တူရကီ ၊ မက်ဆီဒိုးနီးယားတို့နဲ့ အပြိုင် လုရဖို့ ရှိနေကာ ပေါ်တူဂီအသင်းက တူရကီအသင်းကို အနိုင်ရခဲ့ပြီး တဖက်မှာလည်း အီတလီအသင်းကို မက်ဆီဒိုးနီးယားအသင်းကို အနိုင်ရခဲ့ပါက သူတို့နှစ်သင်းဟာ ခြေစစ်ပွဲ ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံရဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ ယူရိုချန်ပီယံ အီတလီအသင်းရဲ့ အဓိက နောက်ခံလူ ဘိုနူချီက အသင်းဖော်ဟောင်း ဖြစ်သူ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ရိုနယ်ဒိုကို သူတို့အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ်ကို ရောက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကြိုတင် သတိပေးသွားခဲ့တာပါ။

Photo Credit: Daily Mail

ဘိုနူချီက – “ကျွန်တော်က ရိုနယ်ဒိုနဲ့ အဆက်အသွယ် ရှိနေတုန်းပါပဲ။ ပြီးတော့ ကျွန်တော်တို့တွေ ပေါ်တူဂီနဲ့ အီတလီတို့ တွေ့ဆုံလာနိုင်တဲ့ ပွဲစဉ်အတွက်လည်း ဟာသတွေ ပြောဖြစ်ခဲ့ပါသေးတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကွင်းထဲမှာပဲ မြင်တွေ့ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက သူတို့အသင်းကို နာကျင်မှုတွေ ပေးမယ် ဆိုတာကိုတော့ ရိုနယ်ဒို သိပြီးပါပြီ” လို့ သတိပေးစကား ပြောကြားခဲ့တာပါ။