MySport Myanmar

ဂွာဒီယိုလာက သူ့ကို မန်စီးတီးအသင်းဆီ ခေါ်ယူချင်ခဲ့တယ်လို့ ဘနူချီ ဖွင့်ဟ

ပြီးခဲ့တဲ့ မေလကမှ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ အီတလီ ဝါရင့် ခံစစ်မှူးကြီး လီယိုနာဒို ဘနူချီက သူ့ကို မန်စီးတီးနည်းပြကြီး ပပ် ဂွာဒီယိုလာက မန်စီးတီးအသင်းဆီ ခေါ်ယူချင်ခဲ့တယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အီတလီ ဗဟိုခံစစ်ကစားသမားဟောင်းကြီး ဘနူချီဟာ အီတလီနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ ခံစစ်ပိုင်းမှာ ချီလီနီနဲ့ တွဲဖက်ပြီး မာကြော အကျစ်လစ်ဆုံး ခံစစ်စွမး်ဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Manchester City News

ဘနူချီဟာ ဂျုဗင်တပ်စ် အေစီမီလန်အသင်းတို့နဲ့အတူ အီတလီ စီးရီးအေပြိုင်ပွဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး စီးရီးအေ အမှတ်ပေးဖလား ၊ ကိုပါအီတလီယာဖလားနဲ့ အီတလီ စူပါဖလားတို့လို ပြည်တွင်း ဆုဖလားတွေ အားလုံးကို ဆွတ်ခူးနိုင်ခဲ့သလို အီတလီနဲ့လည်း ယူရိုချန်ပီယံပါ ဖြစ်ခဲ့ပါသေးတယ်။

၂၀၂၄မှာတော့ ဘနူချီဟာ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့ (၅)လလောက် ဖြတ်သန်းပြီးချိန်မှာပဲ မေလ (၂၅)ရက်နေ့မှာ ကစားသမားဘဝကို တရားဝင် အဆုံးသတ်ခဲ့ပါတယ်။ တကယ်တော့ ဘနူချီဟာ အီတလီ စီးရီးအေမှာပဲ အချိန်တော်တော်များများ ဖြတ်သန်းခဲ့ပြီး စီးရီးအေပြင်ပ ထွက်ကစားချိန်မှာတော့ အသက်အရွယ်က အကျပိုင်းကို ရောက်နေရပါတယ်။

Photo Credit : beIN SPORTS

ဘနူချီလို ထိပ်တန်းခံစစ်မှူးမျိုးကို ရီးယဲလ် ဘာစီလိုနာ မန်စီးတီး ပီအက်စ်ဂျီ ဘိုင်ယန်တို့လို ထိပ်တန်းအသင်းတွေက လိုချင်ခဲ့ကြမှာ သေချာပြီး ဒါကိုလည်း ဘနူချီက “၂၀၁၇ခုနှစ်တုနး်က ကျွန်တော် ဂျုဗင်တပ်စ်ကနေ ထွက်ခွာတော့မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ဟာ ကျွန်တော့်ကို ခေါ်ယူချင်ခဲ့ကြပါတယ်။”

“ဒီနှစ်သင်းလုံးက ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင်က အီတလီမှာပဲ ဆက်နေချင်တာမို့ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ ဂွာဒီယိုလာကတော့ ၂၀၁၆ နွေရာသီမှာ ကျွန်တော့်ကို မန်စီးတီးအသင်းဆီ ခေါ်ယူချင်ခဲ့ပါသေးတယ်။” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဘနူချီ ပြောပုံအရဆိုရင် ဂွာဒီယိုလာဟာ မန်စီးတီးကို စတင် ကိုင်တွယ်ချိန်မှာပဲ အသင်းရဲ့ ခံစစ်ပိုင်းအတွက် ဘနူချီကို ခေါ်ယူချင်ခဲ့တာလို့ သိရပါတယ်။

Exit mobile version