ဂျုဗင်တပ်စ်အသင်းက အသင်းရဲ့ ဝါရင့် နောက်ခံ ကစားသမားကြီး လီယိုနာဒို ဘနူချီကို လာမယ့် ဘောလုံးရာသီမှာ ဆက်လက် အသုံးပြုသွားတော့မှာ မဟုတ်ကြောင်း အသိပေးသွားခဲ့တယ်လို့ ဖာဘရီဇီယို ရိုမာနိုက သတင်း ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဂျုဗင်တပ်စ်က နောက်ခံလူ ဘနူချီ အပါအဝင် ကွင်းလယ်လူတွေ ဖြစ်သော မက်ကန်နီ ၊ အာသာ မယ်လို နဲ့ ဇာကာရီယာတို့ကိုပါ အသင်းရဲ့ ပရောဂျက်တွေထဲမှာ မပါဝင်တော့ကြောင်း အသီးသီး အသိပေးထားခဲ့ပြီး အသင်းကနေ ရောင်းထုတ်သွားတော့မယ်လို့ အကြောင်းကြားခဲ့ပါတယ်။ အသက် (၃၆)နှစ်အရွယ်ရှိ အီတလီ ဝါရင့် နောက်ခံလူ ဘနူချီဟာ ကစားသမားဘဝ တစ်လျှောက်လုံး အီတလီ ဘောလုံးနယ်ပယ်မှာသာ ကျင်လည်ခဲ့ဖူးတာဖြစ်ပြီး သူရဲ့ အကောင်းဆုံး အချိန်တွေမှာ ဥရောပ ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ကာ စီးရီးအေမှာပဲ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။

Photo Credit : Twitter

ခံစစ်ပိုင်း အတွေ့အကြုံကောင်းတွေ အလွန် ကြွယ်ဝနေတဲ့ ဘနူချီဟာ စီးရီးအေ ချန်ပီယံဆု (၉)ကြိမ် ကိုပါအီတလီယာ (၄)ကြိမ် အီတလီ စူပါဖလား (၅)ကြိမ် ပိုင်ဆိုင်ခဲ့ဖူးသလို အီတလီ လက်ရွေးစင်အသင်းနဲ့လည်း ယူရိုဖလားကို ပိုင်ဆိုင်ထားခဲ့ဖူးပါသေးတယ်။ ဘနူချီက ဒီလို အသင်းလိုက် ဆုဖလားတွေချည်း ဆွတ်ခူးခဲ့တာမျိုး မဟုတ်ပဲ တစ်ဦးချင်း အကောင်းဆုတွေကိုလည်း အဆက်မပြတ် ရယူနိုင်ခဲ့ဖူးပြီး ပြိုင်ပွဲ တော်တော်များများရဲ့ နေရာအလိုက် အကောင်းဆုံး ကစားသမား (၁၁)ယောက်စာရင်းမှာလည်း မကြာခဏ ရွေးချယ်ခံခဲ့ရပါသေးတယ်။

Photo Credit : Transfermarket

ဒီလို ကစားသမားကြီးကို ဘယ် ကလပ်အသင်းတွေက ခေါ်ယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဘနူချီကလည်း လက်ရှိမှာ ကစားသမားဘဝကို အဆုံးသတ်ဖို့ မရှိသေးတာကြောင့် သူ့ကို စီးရီးအေက ကလပ်အသင်း တစ်သင်းသင်းကပဲ ခေါ်ယူသွားမလား ဒါမှမဟုတ် အခု ဈေးကွက်ထဲ လှုပ်ရှားမှုတွေ ကြမ်းနေတဲ့ ဆော်ဒီ ကလပ်တွေကပဲ အပြိုင် ကမ်းလှမ်းကြမလားဆိုတာ စောင့်ကြည့်ရပါမယ်။