ချန်ပီယံမျှော်လင့်ချက် မရှိတော့ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အသေအချာဖြစ်နေအောင် ကြိုးပမ်းနေတဲ့ အင်တာမီလန်အသင်းဟာ ဒီနေ့မှာတော့ သူတို့အသင်းနဲ့ ဆုံလိုက်တိုင်းလိုလိုမှာ ကစားရခက်အောင် ဒုက္ခပေးတတ်လေ့ရှိတဲ့ ဘိုလော့ဂ်နာအသင်းနဲ့ တွေ့ဆုံလို့နေပြီး အင်တာက ဘိုလော့ဂ်နာက အိမ်ကွင်းမှာပဲ (၁)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Getty Image

အိမ်ရှင်အင်တာမီလန်အသင်းဘက်မှာ လူကာကူ မာတီနက်ဇ် အဲရစ်ဆင် ဘရိုဇိုဗစ် အက်ရှ်လေယန်း ဂတ်လီယာဒီနီ ကန်ဒရီဗာ ဒီဗရစ် အမ်ဘရိုစီယို ဘာစ်တိုနီ ဟန်ဒါနိုဗစ်တို့ ပါဝင်လာခဲ့ပါတယ်။ မနှစ်က ဘောလုံးရာသီအတွင်း အင်တာရဲ့အိမ်ကွင်းမှာတောင် အနိုင်ယူခဲ့တဲ့ ဘိုလော့ဂ်နာဟာ ဒီရာသီ ဆုံတွေ့မှုမှာလည်း အင်တာကို အခက်တွေ့အောင် ကစားနိုင်ခဲ့သလို အိုဆိုလီနီရဲ့ ဂိုးကန်ချက်တွေကိုလည်း ဟန်ဒါနိုဗစ်က ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပါတယ်။ ဒါပေမယ့် (၂၂)မိနစ်မှာပဲ ယန်းရဲ့ဖြတ်တင်ဘောကို မာတီနက်ဇ် ပိတ်သွင်းခဲ့ရာ တိုင်ထိပြန်လာတာကို လူကာကူက တဆင့်ပိတ်သွင်းရင်း အင်တာတို့ ဂိုးစတင်ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်လည်စတင်ပြီး (၁၀)မိနစ်လောက်အကြာမှာပဲ ကစားပုံကြမ်းတမ်းမိခဲ့တဲ့ ဘိုလော့ဂ်နာကွင်းလယ်လူ ဆိုရီယာနိုကို ကွင်းလယ်ဒိုင်ကနေ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့သလို (၆၂)မိနစ်မှာလည်း အင်တာဘက်ကို ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီကို မာတီနက်ဇ် ကန်သွင်းခဲ့ရာ ဘိုလော့ဂ်နာဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ (၇၄)မိနစ်မှာတော့ ကစားသမားတစ်ယောက်လျော့နေတဲ့ ဘိုလော့ဂ်နာအသင်းက လူစားဝင်ကစားသမား မူဆာဂျူဝါရာရဲ့ အားပါတဲ့ကန်ချက်နဲ့ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ ချေပဂိုးပြန်ပေးလိုက်ရပြီး သိပ်မကြာခင်မှာပဲ အင်တာဘက်က ဘာစတိုနီ (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံလိုက်ရကာ မိနစ်(၈၀)မှာလည်း မူဆာဘာရိုးရဲ့ ဦးဆောင်ဂိုးကိုပါ ခွင့်ပြုလိုက်ရပါတယ်။