ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ ပူးတွဲ အသင်းပိုင်ရှင် ဖြစ်သလို ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စအဝဝကို စီမံ ဆောင်ရွက်မယ့် တော့ပ် ဘိုလီကတော့ လူကာကူ မရှိတော့တဲ့နောက် အားနည်းသွားမယ့် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူချင်နေပြီး ရိုနယ်ဒိုရဲ့ အေးဂျင့် ဂျော့စ်မန်ဒက်နဲ့ ဆက်သွယ်မှုတွေပါ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားခဲ့ကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် ယခုအထိ အကောင်းမွန်ဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်နေဆဲ ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၃၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

တဖက်မှာတော့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လူကာကူကို အင်တာမီလန်ထံ တရာသီအငှားနဲ့ စေလွှတ်ဖို့ ရှိနေသလို နောက်ထပ် တိုက်စစ်မှူး တဦး ဖြစ်တဲ့ တီမိုဗာနာကိုပါ ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် တိုက်စစ်မှူး အသစ် တဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပါတယ်။

လက်ရှိ ဈေးကွက်အတွင်းမှာလည်း ချယ်လ်ဆီးက အလွယ်တကူ ခေါ်ယူနိုင်မယ့် ထိပ်တန်း တိုက်စစ်မှူးမျိုး ရှိမနေတာကြောင့် ချယ်လ်ဆီးပိုင်ရှင် ဘိုလီက ရိုနယ်ဒိုကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ရိုနယ်ဒိုကလည်း မငြင်းနိုင်တဲ့ ကမ်းလှမ်းမှုမျိုး ရောက်လာရင် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖွယ် ရှိပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ တော့ပ် ဘိုလီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်နဲ့ တွေ့ဆုံကာ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့ကာ ရိုနယ်ဒိုအတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်လက် ရှိနေစေချင်ပေမယ့် အကယ်၍ ရိုနယ်ဒိုကသာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ချင်နေရင်လည်း ရိုနယ်ဒိုကို အသင်းပြောင်းခွင့် ပြုဖို့ စဉ်းစားထားပြီး ရိုနယ်ဒို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင် လိုချင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက ဖော်ပြထားပါတယ်။