MySport Myanmar

ဂျူဗင်တပ်ခံစစ်မှူး ဒီလစ်ကို အရ ခေါ်ယူဖို့ ဆုံးဖြတ်ထားတဲ့ ချယ်လ်ဆီးပိုင်ရှင် ဘိုလီ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ပူးတွဲပိုင်ရှင် ဖြစ်သလို အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကိုပါ တာဝန်ယူ ဆောင်ရွက်တော့မယ့် တော့ပ် ဘိုလီက သူ့ရဲ့ လက်ထက်မှာ ချယ်လ်ဆီးရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဂျူဗင်တပ်ရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အမေရိကန် သန်းကြွယ်သူဌေး တဦး ဖြစ်သူ တော့ပ် ဘိုလီက ချယ်လ်ဆီးရဲ့ ပူးတွဲပိုင်ရှင် တဦး ဖြစ်ပေမယ့် ယခုလမှ စတင်ကာ အသင်းရဲ့ ဥက္ကဌရာထူးကိုပါ ရယူထားသူ ဖြစ်ပြီး အသင်းရဲ့ အားကစားဒါရိုက်တာ မာရီနာ ထွက်ခွာသွားချိန်မှာလည်း အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို သူကိုယ်တိုင် စီမံဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဘိုလီက အသင်းရဲ့ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်ထံ တရာသီ အငှားနဲ့ စေလွှတ်မယ့် ကိစ္စကို သူကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဘိုလီက ကစားသမား ခေါ်ယူမှုတွေကို စတင် လုပ်ဆောင်တော့မယ်လို့ ချယ်လ်ဆီးရဲ့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုလီက ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ ထွက်ခွာသွားတာကြောင့် အားနည်းနေတဲ့ အသင်းရဲ့ ခံစစ်ပိုင်း အတွက် ဂျူဗင်တပ်ရဲ့ ဗဟိုခံစစ်မှူး ဒီလစ်ကို ခေါ်ယူချင်နေပြီး ဘိုလီဟာ ဒီလစ်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ကြောင်းလည်း သိရပါတယ်။

Photo Credit: Sky Sports

ဂျူဗင်တပ်ကတော့ သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပြီး ဒီလစ်ကတော့ သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရောက်လာနိုင်တာကြောင့် ယခု နွေဈေးကွက် ပြီးမှသာ ဂျူဗင်တပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးဖွယ် ရှိကြောင်း ဂျူဗင်တပ်နဲ့ နီးစပ်တဲ့ Tutto Sportsက ဖော်ပြထားပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် ခံစစ်မှူး ဒီလစ်က ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသူ ဖြစ်ပြီး သူနဲ့ ဂျူဗင်တပ်ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၁၀၀သန်း ရှိတာကြောင့် ချယ်လ်ဆီးအနေနဲ့ ဒီလစ်ကို ခေါ်ချင်ရင် စာချုပ်ဖျက်သိမ်းကြေး ပေးချေမှသာ အလွယ်တကူ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version