ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့ တော့ပ် ဘိုလေနဲ့ အပေါင်းအပါတွေက ပြင်သစ်ကလပ် ဘော်ဒိုးကို ဝယ်ယူကာ ချယ်လ်ဆီးရဲ့ မိတ်ဖက်ကလပ် အဖြစ် သွတ်သွင်းဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မော်လီနာက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အမေရိကန် သန်းကြွယ်သူဌေး တဦး ဖြစ်သူ တော့ပ် ဘိုလေက သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ပူးပေါင်းကာ ချယ်လ်ဆီးကို ပေါင် ၄.၂၅ ဘီလီယံ အထိ အသုံးပြုကာ ဝယ်ယူခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ချယ်လ်ဆီး အတွက် ကစားသမားသစ်တွေကို ပေါင် ၇၀၀သန်း ဝန်းကျင် အထိ အသုံးပြုကာ ဝယ်ယူပေးခဲ့ပါသေးတယ်။

Photo Credit: Standard

ဒါကြောင့် တော့ပ် ဘိုလေ ဦးဆောင်နေတဲ့ သန်းကြွယ်သူဌေးအုပ်စုက ချယ်လ်ဆီး အတွက် စုစုပေါင်း အသားတင် ပေါင် ၅ဘီလီယံ ဝန်းကျင် အထိ အသုံးပြုထားပြီး တော့ပ် ဘိုလေတို့ အဖွဲ့က ချယ်လ်ဆီး အတွက် ပေါင် ၅ဘီလီယံ အထိ အသုံးပြုထားပေမယ့် နောက်ထပ် ဘောလုံးအသင်း တသင်းကို ဝယ်ယူဖို့ စီစဉ်နေပြီး နာမည်ကြီး သတင်းထောက် မော်လီနာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ပြင်သစ်ရဲ့ နန်းကျဘုရင် ဖြစ်နေတဲ့ ဘော်ဒိုးကို ဝယ်ယူချင်နေကြောင်း သိရပါတယ်။

လက်ရှိမှာ လီဂူးတူးဆီ ရောက်ရှိနေတဲ့ ဘော်ဒိုးက ပြင်သစ် လီဂူးဝမ်း ချန်ပီယံဆုကို ၆ကြိမ် အထိ ရရှိဖူးတဲ့ အစဉ်အလာ ကြီးမားတဲ့ အသင်းတသင်း ဖြစ်ပြီး လီဂူးဝမ်း ၆ကြိမ် အပြင် ပြင်သစ်ဖလား ၄ကြိမ် ၊ ပြင်သစ်လိဂ်ဖလား ၃ကြိမ်နဲ့ ပြင်သစ် စူပါဖလား ၂ကြိမ်တို့ကို ရရှိခဲ့ဖူးပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ တော့ပ် ဘိုလေ ဦးဆောင်နေတဲ့ သန်းကြွယ်သူဌေးအုပ်စုက ဘော်ဒိုးကို ဝယ်ယူကာ ချယ်လ်ဆီးရဲ့ မိတ်ဖက်ကလပ် အဖြစ် အသက်သွင်းဖို့ စီစဉ်နေတာ ဖြစ်ပြီး ဘော်ဒိုးပိုင်ရှင် ဂျာရတ် လိုပက်ဇ်ကလည်း သူ့ရဲ့ အသင်းကို ယူရို ၁၀၀သန်း ဝန်းကျင် ရရှိရုံနဲ့ ရောင်းချဖို့ စိတ်ဝင်စားနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာန တချို့က ဖော်ပြထားကြပါတယ်။

တော့ပ် ဘိုလေ ဦးဆောင်နေတဲ့ သန်းကြွယ်သူဌေးအုပ်စုက ဘော်ဒိုးကို ယူရို ၁၀၀သန်း ဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပေမယ့် ဘော်ဒိုးကို ဝယ်ယူခဲ့ရင် အသင်းရဲ့ အကြွေး ယူရို ၅၀သန်းကိုပါ ဆပ်ပေးရဖို့ ရှိနေတာကြောင့် ဘော်ဒိုးကို ဝယ်ယူရာမှာ သုံးရမယ့် စုစုပေါင်း ကုန်ကျစရိတ်ဟာ ယူရို ၁၅၀သန်းနဲ့ ၂၀၀သန်းကြား ရှိနိုင်ပါတယ်။