MySport Myanmar

ဝါရင့် ကွင်းလယ်လူ ဗီဒယ်လ်ကို တရားဝင် ကမ်းလှမ်းထားတဲ့ ဘိုကာဂျူနီယာ

အာဂျင်တီးနား နာမည်ကြီး ဘောလုံးကလပ် ဘိုကာဂျူနီယာအသင်းဟာ အင်တာမီလန်အသင်းရဲ့ ချီလီ ဝါရင့်ကွင်းလယ်ကစားသမားကြီး အာတိုရိုဗီဒယ်လ်ကို ခေါ်ယူသွားဖို့အတွက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ အာဂျင်တီးနား ရုပ်သံမီဒီယာ FCInter1908 ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sempreinter

အသက်(၃၅)နှစ်အရွယ်ရှိ ချီလီလက်ရွေးစင် ကွင်းလယ်ကစားသမားကြီး ဗီဒယ်လ်ဟာ ၂၀၂၀ခုနှစ်ကမှ ဘာစီလိုနာအသင်းကနေ အင်တာမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၃)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဗီဒယ်လ်ဟာ အင်တာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ထိ ကျန်ရှိနေသေးပေမယ့်လည်း ဗီဒယ်လ်အနေနဲ့ လာမယ့် ဘောလုံးရာသီ အင်တာမှာ မနှစ်ကလောက် ပွဲကစားခွင့်တွေ မရရှိတော့မှာ စိတ်ပူနေသလို အင်တာဘက်ကလည်း ဗီဒယ်လ်လို လုပ်ခလစာ အမြောက်အများ ရရှိနေတဲ့ ကစားသမားတစ်ဦးကို အသင်းကနေ ရှင်းထုတ်သွားချင်နေပါတယ်။

Photo Credit : Sempreinter

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဗီဒယ်လ်ကို ဘိုကာဂျူနီယာအသင်းက စတင်ချဉ်းကပ်လာခဲ့ပြီး အခုဆိုရင် တရားဝင် ကမ်းလှမ်းမှုတွေပါ ပြုလုပ်လာခဲ့တဲ့အတွက် ဒီကမ်းလှမ်းမှုကို အင်တာဘက်ကနေ လက်ခံသွားဖွယ် ရှိနေတာကြောင့် အပြောင်းအရွှေ့က ဖြစ်မြောက်လာနိုင်တယ်လို့ TyC Sports က ဖော်ပြလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၄၀)အထိ ပါဝင်ကစားခဲ့ရတဲ့ ဗီဒယ်လ်ဟာ အင်တာနဲ့အတူ စီးရီးအေဖလား ကိုပါအီတလီယာဖလားနဲ့ စူပါကိုပါအီတလီယာဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး သူရဲ့အသင်းဟောင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ဘာစီလိုနာအသင်းတွေနဲ့လည်း ဆုဖလား အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဗီဒယ်လ်ဟာ သူရဲ့ ချီလီလက်ရွေးစင်အသင်းနဲ့ပါ ကိုပါအမေရိကဖလားကို (၂)ကြိမ်ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့ရပြီး ကစားသမားဘဝအတွင်း ဆုဖလားအရေအတွက် (၂၃)ခုအထိကို ဆွတ်ခူးနိုင်ခဲ့ရပါတယ်။ ဒီလို အောင်မြင်မှုများစွာ ပိုင်ဆိုင်ခဲ့သူ ဗီဒယ်လ်ကို ဘိုကာဂျူနီယာအသင်းက (၁)နှစ်စာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်ပြီး အဲ့ဒီ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ နောက်ထပ် (၁)နှစ်ခွဲ အလိုအလျောက် သက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်းကမ်းလှမ်းမှာ ဖြစ်ပါတယ်။

Exit mobile version