အေစီမီလန် ကစားသမားဟောင်း ကယ်ဗင် ပရင့်စ် ဘိုတန်က သူ့အသင်းဖော်ဟောင်း မာရီယို ဘာလော့တယ်လီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘာလွန်းဒေါဆု)ကို (၃)ကြိမ်လောက်အထိ ရယူနိုင်ခဲ့သင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

ကလပ်အသင်း များစွာမှာ ပါဝင်ကစားခဲ့သူ ဂါနာ ကစားသမားဟောင်း ဘိုတန်ဟာ သူနဲ့အတူ မီလန်မှာ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ အီတလီ တိုက်စစ်မှူး ဘာလော့တယ်လီနဲ့ ပတ်သက်ပြီး ဘာလော့တယ်လီရဲ့ စွမ်းဆောင်ရည်ကောင်းတွေ အကြောင်း ပြောဆိုလာပါတယ်။

Photo Credit : Eurosport

“ကျွန်တော်ကတော့ ဘာလော့တယ်လီကို တကယ် သဘောကျတယ်။ ကျွန်တော့်အတွက်ဆိုရင် ဘာလော့တယ်လီဟာ ဘာလွန်းဒေါဆုကို (၃)ကြိမ်တိုင်တိုင်ထိ ဆွတ်ခူးနိုင်ခဲ့သင့်တဲ့ ကစားသမားမျိုးပါ။ သူက ကျွန်တော့်လို အသင်းဖော်မျိုး ဒါမှမဟုတ် သူ့ကို နည်းမှန်လမ်းမှန် ပြသပေးနိုင်မယ့်သူမျိုး လိုအပ်နေခဲ့ရုံလေးပါ။”

“အခု မီလန်ရဲ့ ကြယ်ပွင့် ရာဖယ်လ် လီယာအိုက ထူးခြားတဲ့ ကစားသမားတစ်ဦး ဆိုပေမယ့်လည်း ဘလော့တယ်လီကတော့ နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိနေတဲ့သူ အံ့အားသင့်စရာကောင်းတဲ့သူပါ။ သူ ဘာတွေ လုပ်ဆောင်နိုင်လဲ ဆိုတာကို ပြသနိုင်ခဲ့တယ်။”

Kevin Prince Boateng Hails Mario Balotelli's Potential

Photo Creditt : GhanaWeb

“ကျွန်တော် သူနဲ့ တွဲကစားနေတုန်းက သူ ပွဲကို သေသေချာချာ စိတ်နှစ် ကစားပြီဆိုရင် သူ ဘာတွေလုပ်ပြနိုင်လဲ ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ သူဘာတွေ လုပ်နိုင်လဲဆိုတာကို ကျွန်တော်တို့ အားလုံး သိထားတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူကမှ နှစ်ရှည်ကြာအောင် အကောင်းဆုံးပုံစံမျိုးနဲ့ မထိန်းကြောင်းနိုင်ခဲ့ဘူး။”

“တကယ်လို့ သူသာ အမြင့်မားဆုံး အဆင့်တစ်ခုဆီ ရောက်သွားခဲ့မယ်ဆိုရင်တော့ ဘလော့တယ်လီဆိုတာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး (၅)ဦးထဲမှာ တစ်ယောက် အပါအဝင်တောင် ဖြစ်နေပါလိမ့်မယ်။” လို့ ဘိုတန်က မှတ်ချက်ပြုသွားခဲ့ပါတယ်။