ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ရတဲ့ ယူရို-၂၀၂ဝပွဲစဉ်အတွင်း ပါဝင်ယှဉ်ပြိုင်နေရင်းနဲ့ နှလုံးပြသာနာကြောင့် ကွင်းအတွင်း လဲကျခဲ့ရတဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ နှလုံးဝေဒနာ ခံစားခဲ့ရမှုကြောင့် ဆေးရုံကို အလျင်အမြန် တင်ပို့ဆောင်လိုက်ရပြီး အသက်ဘေးကနေ လွတ်မြောက်ခဲ့ရပေမယ့် ICD ဆိုတဲ့ နှလုံးခုန်မှန်အောင် လှုပ်ဆောင်ပေးမယ့် စက်ကိုတပ်ဆင်သွားရတော့မှာဖြစ်လို့ သူရဲ့ကစားသမားဘဝကို အဆုံးသတ်ရဖွယ် ရှိနေတယ်လို့ ထင်ကြေးပေးချက်တွေ များလာခဲ့ရပါတယ်။

Photo Credit : Global Circulate

အခုလို ICD ကို အမြဲတမ်း တပ်ဆင်ပြီး အသက်ရှင်သန်အောင် လုပ်ဆောင်ရတော့မယ့် အဲရစ်ဆင်ဟာ အသက်(၂၉)နှစ်အရွှယ်မှာပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ရဖွယ် ရှိလာနိုင်တယ်လို့ ပြောဆိုလာမှုတွေ ပေါ်ပေါက်လာတာကြောင့် ဒီလိုပြောဆိုမှုတွေအပေါ် လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ နယ်သာလန်လက်ရွေးစင် ဒါလေဘလင်းက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ အေဂျက်စ်ကစားသမား ဘလင်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလကတည်းက အဲရစ်ဆင်လို အလားတူပုံစံမျိုးဖြစ်ပေါ်ခဲ့သူဖြစ်ပြီး ICD တပ်ဆင်ထားခဲ့ရသူလည်း ဖြစ်ပေမယ့် သူရဲ့ဘောလုံးသမားဘဝကိုတော့ အဆုံးသတ်လိုက်ခြင်းမရှိပဲ အခုအချိန်ထိ ဆက်လက်ကစားနေတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဘလင်းက “ဒီလိုကိစ္စမျိုးတွေ ကျွန်တော်ကြုံတွေ့ခဲ့ရတုန်းက တစ်ကမ္ဘာလုံးက ကျွန်တော်ရဲ့ကစားသမားဘဝ အဆုံးသတ်သွားပြီ။ ဘယ်တော့မှ ဘောလုံးပြန်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုလာကြပါတယ်။ ဒီလိုတွေ ပြောခဲ့ကြပေမယ့် ဒီနေ့ ကျွန်တော့်ကိုကြည့်လေ။ ဒါကြောင့် ကျွန်တော်ပြောတာပေါ့။ အဲရစ်ဆင်ကို သူ့ဘာသာနေပါစေလို့။ ဘာမှသွားမပြောကြပါနဲ့လို့။ ကျွန်တော်တုန်းက ဆေးရုံက ဆရာဝန်တွေ အေဂျက်စ်အသင်းက ဆေးအဖွဲ့ဝင်တွေရဲ့ ခွင့်ပြုချက်တွေကို ရရှိလာချိန် ဘောလုံးပြန်ကစားဖို့ အဆင့်သင့်ဖြစ်ပြီလို့ ခံစားမိလာခဲ့ရတယ်။ ကျွန်တော်အနေနဲ့ ထိပ်တန်းအဆင့်မျိုးနဲ့ ဘောလုံးပြန်မကစားနိုင်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ထင်မိလာပါတယ်။ အရေးအကြီးဆုံးအရာက သင်ရဲ့ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ခံစားနေမိဖို့ပါပဲ။ ကျွန်တော်တုန်းက ဘာအကြောက်တရားမှ မရှိခဲ့ဘူး။ အသင်းရဲ့ တစိတ်တပိုင်းအဖြစ် ဆက်လက်ပါဝင်ခွင့် ရရှိခဲ့တဲ့အပေါ်မှာသာ အရမ်းကျေနပ်နေမိတာ။ ဒါကြောင့် ဘောလုံးပြန်ကစားတဲ့အချိန်မှာ အကြောက်တရားကနေ ဖြစ်ပေါ်လာတဲ့ ဖိအားဒဏ်ကို မခံခဲ့ရပဲ အသင်းအတွက် ပြန်ကစားပေးဖို့အတွက်ကိုပဲ စိတ်လှုပ်ရှားနေမှုကိုသာ ခံစားခဲ့ရတာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။