MySport Myanmar

ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့တော့မယ့် မန်ယူ ကစားသမားဟောင်း ဘလင်း

အေဂျက်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားခဲ့တဲ့ နယ်သာလန် ဘယ်နောက်ခံကစားသမားကြီး ဒါလေဘလင်းဟာ လက်ရှိမှာတော့ ဘွန်ဒစ်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်ရွှေ့သွားတော့မယ်လို့ ဗြိတိန်နာမည်ကျော် ဘောလုံးသတင်းထောက် ဒေးဗစ်အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

နယ်သာလန် ဝါရင့် ကစားသမားကြီး ဘလင်းဟာ အေဂျက်စ်အသင်းမှာ ပွဲပေါင်း(၂၀၀)ကျော်အထိ ပါဝင်ကစားထားနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာပဲ အေဂျက်စ်နဲ့ လက်တွဲဖြုတ်ခဲ့တာ ဖြစ်ပါတယ်။ free agent ဖြစ်သွားခဲ့တဲ့ ဘလင်းကို ဥရောပ ကလပ်အသင်းများစွာက အလိုရှိခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဘလင်းဟာ ဘိုင်ယန်ကို ရောက်ရှိဖို့ နီးစပ်လာခဲ့ပြီဖြစ်ပြီး ဘလင်းအနေနဲ့လည်း သူရဲ့ကစားသမားဘဝကို ဘိုင်ယန်လို အသင်းကြီးမျိုးမှာ ဆက်လက် ဖြတ်သန်းဖို့ပါ အကြောင်းဖန်လာခဲ့ရပါတယ်။

Photo Credit : NU

အသက်(၃၂)နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ကစားသမား ဘလင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာပါ ပါဝင်ကစားခဲ့ဖူးသူလည်းဖြစ်ပြီး ယူနိုက်တက်နဲ့လည်း ယူရိုပါလိဂ်ဖလား အက်အေဖလားနဲ့ လိဂ်ဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ဖူးပါတယ်။ နှလုံးပြသာနာကြောင့် ကစားသမားဘဝကို အဆုံးသတ်ရလုနီးပါးထိ ကြုံတွေ့ခဲ့ရပေမယ့်လည်း နှလုံးစက်တပ်ပြီး ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းနေခဲ့တဲ့ ဘလင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နယ်သာလန်အသင်းရဲ့ အဓိက ကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့ပါသေးတယ်။ ဘလင်းဟာ ဘယ်ခြမ်းခံစစ်နေရာမှာ ကစားတတ်သူဖြစ်ပြီး ဗဟိုခံစစ်နေရာလည်း ကစားတတ်သေးတာကြောင့် ဘိုင်ယန်ရဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ရဲ့ back-up ကစားသမားအဖြစ် ကစားနိုင်သလို ဒဏ်ရာရရှိနေတဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်ရဲ့ နေရာမှာလည်း အစားထိုး ဝင်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်ဟာလည်း ၂၀၂၂ကမ္ဘာ့ဖလားတုန်းက ဒဏ်ရာရရှိသွားခဲ့တဲ့ ဟာနန်ဒက်ဇ်နေရာမှာ ယာယီ အစားထိုးနိုင်မယ့် ကစားသမားတစ်ဦးကို အလိုရှိနေတာကြောင့် အတွေ့အကြုံကောင်းတွေ များစွာ ပိုင်ဆိုင်ထားတဲ့ ဘလင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အခုလို စီစဉ်လိုက်ရတာပဲ ဖြစ်ပါတယ်။

Exit mobile version