အိုင်းယတ်စ်အသင်းရဲ့ ငယ်မွေးခြံပေါက် ဝါရင့် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဒါလေဘလင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အိုင်းယတ်စ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မှာ ဖြစ်တယ်လို့ နယ်သာလန် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာ အသက်(၃၂)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ နယ်သာလန် လက်ရွေးစင် နောက်ခံအစွန်လူ ကစားသမား ဘလင်းဟာ နယ်သာလန် ဘောလုံးသမားဟောင်းကြီး ဒန်နီဘလင်းရဲ့ သားတစ်ဦးဖြစ်ပြီး အသက်(၈)နှစ်အရွှယ်မှာပဲ နယ်သာလန် ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေကြဖြစ်သော အိုင်းယတ်စ်အကယ်ဒမီမှာ ဘောလုံးပညာတွေ စတင် သင်ယူခဲ့ပါတယ်။ ၂၀၀၈ခုနှစ်မှာ အိုင်းယတ်စ် စီနီယာအသင်းအတွက် စတင် ကစားခဲ့ရတဲ့ ဘလင်းဟာ အသင်းနဲ့ (၆)ရာသီ ဖြတ်သန်းပြီးတဲ့နောက် နယ်သာလန်နည်းပြကြီး ဗန်ဟားလ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်ရှိခဲ့ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းမှာ (၃)ရာသီခန့် ကျင်လည်ခဲ့ပြီး ယူရိုပါလိဂ်ဖလား အက်အေဖလားနဲ့ လိဂ်ဖလားတို့ကို ပိုင်ဆိုင်ခဲ့တဲ့ ဘလင်းဟာ ၂၀၁၈ခုနှစ်မှာတော့ အိုင်းယတ်စ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။ အိုင်းယတ်စ်မှာရော နယ်သာလန်လက်ရွေးစင်အသင်းမှာပါ အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲတိုင်းနီးပါး ပါဝင်ကစားနေရတဲ့ ဘလင်းဟာ လာမယ့်၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ အိုင်းယတ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ နွေမှာ အသင်းနဲ့ လမ်းခွဲရတာထက် လာမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ထွက်ခွာလိုတယ်လို့ တောင်းဆိုထားပြီး အသင်းဘက်ကလည်း သူတို့ကစားသမားရဲ့ တောင်းဆိုမှုကို လိုက်လျောသွားဖို့ သဘောတူညီခဲ့ပါတယ်။ အိုင်းယတ်စ်အသင်းအတွက် ပွဲပေါင်း (၃၅၀)နီးပါးလောက် ကစားခဲ့ဖူးသူ ဘလင်းဟာ ၂၀၂၀ နှစ်လယ်ပိုင်းလောက်က နှလုံးဝေဒနာကြောင့် ကွင်းအတွင်း လဲကျသွားခဲ့ရာ ဆေးကုသမှုတွေ ခံယူရင်း နှလုံးကို စက်တပ်ထားပြီး ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းနေရတာလည်း ဖြစ်ပါတယ်။ ဘလင်းဟာ ဘယ်ခြမ်းခံစစ် ကွင်းလယ်ဘယ်ခြမ်း နေရာတွေအပြင် ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ်နေရာတွေမှာပါ ကစားနိုင်တဲ့ စွယ်စုံရ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။