ဖီဖာဥက္ကဌဟောင်း တဦး ဖြစ်သူ ဘလတ္တာကတော့ သူ့ရဲ့ လက်ထက်မှာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ ကျင်းပခွင့် ပေးလိုက်တာဟာ သူ့ရဲ့ အမှားတခု ဖြစ်ကြောင်းနဲ့ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံ ကျင်းပဖို့ အရည်အချင်း ပြည့်မီတဲ့ နိုင်ငံတခု မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံသွားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ကမ္ဘာတဝှမ်းမှာ ဘောလုံးအားကစား ပိုမို ထင်ရှားလာဖို့ ရည်ရွယ်ပြီး ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရပ်ဒေသ တခု ဖြစ်တဲ့ ကာတာနိုင်ငံမှာ ကျင်းပဖို့ အတွက် ခွင့်ပြုပေးခဲ့ပြီး ကာတာနိုင်ငံကလည်း သူတို့ရဲ့ ကြွယ်ဝ ချမ်းသာမှုတွေကို အသုံးချကာ အဆင့်မြင့် ဘောလုံးကွင်းတွေကို တည်ဆောက်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ကာတာနိုင်ငံရဲ့ မူလ ရာသီဥတု ဖြစ်တဲ့ အပူလွန်ကဲတဲ့ ရာသီဥတုကြောင့် ဘောလုံးကွင်း တည်ဆောက်ရာမှာ ပါဝင်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၅၀၀၀ကျော်ဟာ အသက်ဆုံးရှုံးခဲ့ကြရပြီး အဆိုပါ အသက်ဆုံးရှုံးမှုတွေကြောင့် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ဘောလုံးပရိသတ်တွေက ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။

ဒါ့အပြင် ကာတာနိုင်ငံရဲ့ အပူလွန်ကဲတဲ့ နွေရာသီကို ရှောင်ရှားနိုင်ဖို့ အတွက် ယခုလ အတွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဥရောပတိုက်မှာ ကစားနေတဲ့ ဘောလုံးသမားတွေ အတွက် အတော်လေးကို ခက်ခဲခဲ့ပြီး ဒဏ်ရာပြဿနာတွေကြောင့်ပဲ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မယ့် နာမည်ကြီး ကစားသမားတွေလည်း အများကြီး ရှိနေပါတယ်။

Photo Credit: Sky Sports

ဒါကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေနဲ့ ဘောလုံးသမားဟောင်းတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာလို နိုင်ငံမျိုးမှာ ကျင်းပခွင့် ပေးခဲ့တဲ့ ဖီဖာကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး ကာတာနိုင်ငံကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ပေးအပ်ခဲ့ချိန်က ဖီဖာဥက္ကဌ အဖြစ် ရှိနေခဲ့တဲ့ ဘလတ္တာကလည်း သူတို့ဟာ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ပေးအပ်မယ့် အစား အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခဲ့သင့်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဘလတ္တာက – “ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခုပါ။ ဘောလုံးအားကစားနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက ကာတာနိုင်ငံထက် ပိုပြီး ကြီးမားနေပါတယ်။ (ကာတာနိုင်ငံက ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံ ကျင်းပနိုင်တဲ့ အဆင့်မျိုးမှာ မရှိကြောင်း ရည်ရွယ်လျက်) ကျွန်တော်က အဲ့ဒီအချိန်မှာ ဖီဖာရဲ့ ဥက္ကဌ အဖြစ် ရှိနေခဲ့တာကြောင့် ဒီအမှားဟာ ကျွန်တော်နဲ့လည်း သက်ဆိုင်ပါတယ်။ ရုရှားနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ လုပ်အပြီးမှာ ကျွန်တော်တို့က အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခဲ့သင့်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။