မနေ့ညက ကျင်းပခဲ့တဲ့ ယူကရိန်းလက်ရွေးစင်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ UEFA Nations League ပွဲစဉ်အတွင်းမှာ အိမ်ရှင်ယူကရိန်းကို စပိန်အသင်းက တစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရကာ ဒီပွဲအတွင်း ခွင့်ပြုခဲ့ရတဲ့ တစ်လုံးတည်းသော သွင်းဂိုးအတွက် ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာကို အပြစ်တွေတင်နေစရာမလိုအပ်ဘူးလို့ စပိန်လက်ရွေးစင်နည်းပြ လူးဝစ်အင်းနရစ်က ကာကွယ်ပြောဆိုလာခဲ့သလို ဒီဂီယာကိုပဲ အပြစ်တွေမြင်နေခြင်းက ဆိုးရွှားတဲ့ အကျင့်စရိုက်တစ်ခုပဲလို့ပါ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဧည့်သည်စပိန်အသင်းဟာ ဒီပွဲအတွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀%လောက်အထိ ရှိခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှုလည်း (၂၁)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှုလည်း (၈)ကြိမ်အထိ ရှိခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးမှ မရရှိခဲ့ပဲ အိမ်ရှင်အသင်းရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ရှံးနိမ့်ခဲ့ရပါတယ်။ တစ်ပွဲလုံးအတိုင်းအတာအရ အခွင့်အရေးအနည်းငယ်လောက်သာ ရရှိထားခဲ့တဲ့ ယူကရိန်းအသင်းက ဒုတိယပိုင်း ပွဲချိန်(၇၆)မိနစ်မှာတော့ ဆီဂန်ကော့ဗ်ရဲ့သွင်းဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်လာနိုင်ခဲ့ပြီး ဒီသွင်းဂိုးနဲ့ပဲ စပိန်အသင်းက အရေးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Digi Sports

ယာမိုလန်ကိုရဲ့ ဖန်တီးမှုကနေတစ်ဆင့် ဆီဂန်ကော့ဗ်က သွင်းဂိုးရယူချိန်မှာ ဒီဂီယာက ဂိုးပေါက်ကနေ နည်းနည်းတတ်နေခဲ့တဲ့အတွက် သွင်းဂိုးကို မကာကွယ်နိုင်ပဲ ခွင့်ပြုခဲ့ရလို့ ပရိသတ်များစွာက ဒီဂီယာကို ဝိုင်းဝန်းပြစ်တင်လာခဲ့ရာ ဒီပြစ်တင်မှုတွေကို စပိန်နည်းပြဟင်းနရစ်က လုံးဝလက်မခံနိုင်ခဲ့ကာ ပြန်လည်တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။ ဟင်းနရစ်က “သင်တို့အနေနဲ့ အခုလို ပြစ်တင်စကားတွေ ပြောဆိုနေတာကို အမြဲတမ်းလုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒီဂီယာကိုပဲ အပြစ်မြင်နေတာကတော့ ကောင်းတဲ့အကျင့်စရိုက် ဖြစ်နေမှာတော့ မဟုတ်ဘူး။ ဒီလိုပွဲမျိုးမှာ ဒီဂီယာကို သင်တို့ဘက်ကနေ အပြစ်တွေ တင်နေမယ်ဆိုရင် ပွဲကိုမကြည့်တော့တာ ပိုကောင်းပါလိမ့်မယ်။ သင်တို့အနေနဲ့ အဆက်မပြတ် တိုက်စစ်ဆင်နေမယ်ဆိုရင် အကူးအပြောင်းတွေ ဖြစ်လာနိုင်တော့မယ်ဆိုတာကိုလည်း သိထားရမယ်။ အသင်းတစ်သင်းက ခံစစ်ကို ကောင်းကောင်းကစားထားနိုင်ပြီး ဂိုးမရှိသရေ ဖြစ်နေမယ်ဆိုရင် ရလာတဲ့ အခွင့်အရေးတစ်ခုကနေ သူတို့တွေ ပွဲကိုဦးဆောင်သွားနိုင်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်အတွက် သူတို့ကို ဂုဏ်ပြုရမှာပါ။ တခြားဘာမှတော့ ဖြစ်သွားစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဂိုးမသွင်းနိုင်တဲ့ ပွဲတွေဆိုတာကလည်း ရှိတတ်တာပဲလေ။ တစ်ပွဲလုံးကို စိုးမိုးထားနိုင်ပြီးမှ အရေးနိမ့်ခဲ့ရတဲ့ ပွဲတွေဆိုတာ ကျွန်တော်ရဲ့နည်းပြသက်တမ်းမှာ အများကြီးကြုံတွေ့ခဲ့ဖူးပြီးသားပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။