ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈) စနေ့ညရဲ့ပွဲစဉ်တွေထဲမှာတော့ Big 6 အသင်းကြီးတွေအဖြစ် လီဗာပူးလ် ချယ်လ်ဆီးတို့ ပါဝင်ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးကတော့ အဝေးကွင်းမှာ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲက ချယ်လ်ဆီးအတွက် အလွန်ကို အရေးကြီးလို့နေပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆက်လက်ပိုင်ဆိုင်နိုင်ဖို့အတွက် ထပ်အမှားခံလို့မဖြစ်တော့တဲ့ အခြေအနေရောက်နေတာမို့ ဒီပွဲမှာ အနိုင်၃မှတ်ကို အပြည့်အဝယူထားသင့်ပါတယ်။ ဒါပေမယ့် ခက်တာက ဘုန်းမောက်က ဒီနောက်ပိုင်းမှာ ချယ်လ်ဆီးနဲဆုံတိုင်းလိုလို ချယ်လ်ဆီးကို ဒုက္ခပေးနိုင်တဲ့ အသင်းဖြစ်နေတာပါပဲ။

ချယ်လ်ဆီးက ဒီရာသီမှာလည်း ဘုန်းမောက်နဲ့ အိမ်ကွင်းစတမ်းဖိုဒ့်ဘရစ်ချ်မှာ ဧည့်ခံကစားခဲ့စဉ်အတွင်း တစ်ပွဲလုံးနီးပါး ဖိအားပေးကစားခဲ့ပေမယ့်လည်း တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရတာကို အားလုံးသိကြမှာပါ။ ဒါတွေတင်မကသေးပဲ မနှစ်က ဘောလုံးရာသီ ဘုန်းမောက်ကွင်းမှာ ကစားခဲ့စဉ်တုန်းကလည်း ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ၄ဂိုး ဂိုးမရှိနဲ့တောင် အပြတ်အသတ်ကို အရေးနိမ့်ခဲ့ပါသေးတယ်။ အဲ့ဒီပွဲမတိုင်ခင်မှာတော့ ချယ်လ်ဆီးက ဘုန်းမောက်ကို အိမ်ကွင်းမှာ ၂ဂိုးပြတ်နဲ့ အနိုင်ယူခဲ့သေးပြီး ၂၀၁၈ ဖေဖော်ဝါရီလမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ၃ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့ပြန်ပါတယ်။

ဆိုတော့ ဘုန်းမောက်ဟာ ဒီနောက်ပိုင်းမှာ ချယ်လ်ဆီးနဲ့တွေ့တိုင်း အသင်းရဲ့ Form အောက်နေရင်တောင် ရလဒ်ကောင်းယူနိုင်တတ်တဲ့ အသင်းလိုဖြစ်နေတာမို့ ဒီပွဲလည်း ချယ်လ်ဆီးအတွက် ခက်ခဲစေနိုင်ဦးမှာပါ။ နောက်ပြီး အသင်းနှစ်သင်းရဲ့ နောက်ဆုံး၅ပွဲဆက် ရလဒ်တွေမှာလည်း ဘုန်းမောက်ကတောင် ပိုသာလွန်လို့နေပါတယ်။ ဘုန်းမောက်ဘက်မှာ ဒဏ်ရာရကာသမားဦးရေလည်း နည်းပါးလာခဲ့ပါပြီ။ ဒါပေမယ့် ဇယားအောက်က နော်ဝစ်ချ်နဲ့ ၅မှတ်ပဲ ကွာဟနေတော့တာဖြစ်လို့ သူတို့အတွက်လည်း ဒီပွဲက အတော်လေးကို အရေးပါနေပြီး အမှားမခံ ကစားကြမှာပါ။ ချယ်လ်ဆီးကတော့ ဒီပွဲလည်း ဂျရှုးကိုပဲ ထပ်မံပွဲထုတ်လာဦးမှာဖြစ်သလို အေဘရာဟမ်ကတော့ ကြံခိုင်မှုအားနည်းနေသေးလို့ ဒီပွဲလည်း အရန်စာရင်းမှာပဲ ပါဝင်နိုင်လာဖွယ်ရှိပါတယ်။ ချယ်လ်ဆီးအတွက် ခက်ခဲမှာ သေချာနေပေမယ့် အမှားခံလို့မဖြစ်တော့တဲ့ အနေအထားမို့ ချယ်လ်ဆီးပဲ နိုင်ပါမယ်။