ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အသစ်စက်စက် ကွင်းလယ်ခံစစ် ကစားသမား ဘစ်ဆူးမားကတော့ သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားချင်တာကြောင့် ဘရိုက်တန်ကနေ စပါးဆီ ပြောင်းရွှေ့လာခဲ့တာပါလို့ သူ့ရဲ့ စပါးကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် မာလီလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဘစ်ဆူးမားက ယမန်နေ့မှာပဲ ဘရိုက်တန်ကနေ စပါးထံ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး စပါးက သူ့အတွက် ဘရိုက်တန်ထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၉သန်း + အပိုဆုကြေးတွေ ပေးချေရဖို့ ရှိနေပါတယ်။

 

Photo Credit: Talksports

ဘစ်ဆူးမားက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ဘရိုက်တန်နဲ့အတူ သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး ဖြစ်ကြောင်းကို သက်သေပြထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှု ၊ ဘောလုံးလုယူနိုင်စွမ်းနဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းတို့ဟာ အတော်လေးကို အထင်ကြီးစရာ ကောင်းပါတယ်။

ဒါကြောင့်ပဲ စပါးက ရာသီသစ် အတွက် ကြိုတင်ပြင်ဆင်မှု တရပ်အနေနဲ့ ဘစ်ဆူးမားကို အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ လျင်လျင်မြန်မြန် ခေါ်ယူခဲ့တာ ဖြစ်ပြီး ဘစ်ဆူးမားကလည်း သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်တာကြောင့် စပါးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့တာပါလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Talksports

ဘစ်ဆူးမားက – “စပါးဆီ ပြောင်းရွှေ့လာခဲ့ရလို့ အရမ်းကို ပျော်နေပါတယ်။ စပါးရဲ့ ကစားသမား တယောက် ဖြစ်လာလို့လည်း ပျော်ရပါတယ်။ ကျွန်တော်တို့တွေ လာမယ့်ရာသီကို အကောင်းမွန်ဆုံး ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်က အသင်း အနိုင်ရအောင် အစွမ်းကုန် ကြိုးစားသွားမယ်။ ပြီးတော့ အသင်းကိုလည်း ထိပ်ဆုံးဆီ ရောက်အောင် ပို့ပေးချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ သိတဲ့ အတိုင်းပဲ ပရီးမီးယားလိဂ်မှာ ကစားရတာက မလွယ်ကူပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ကစားသမားတွေ အားလုံး တစုတစည်းထဲနဲ့ ရည်မှန်းချက်မြင့်မြင့် ထားပြီး ကြိုးစား ကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အစုအဖွဲ့ တခု ရှိနေသလို ထိပ်တန်းနည်းပြ တဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လူတိုင်းက ကွန်တီကို သိကြပါတယ်။ ပြီးတော့ ကျွန်တော်ကလည်း သူ့ရဲ့ လက်အောက်မှာ ကစားရင်း ကိုယ်လိုချင်တဲ့ အရာတွေ အရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က သူ့အတွက် ဘာမဆို ပေးဆပ် ကစားဖို့ အဆင်သင့် ရှိနေသလို သူနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့လည်း ထင်ပါတယ်။ ကျွန်တော့်ရဲ့ အိမ်မက်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ရဖို့ပါ။ ကျွန်တော် ငယ်ငယ်လေးထဲက ချန်ပီယံလိဂ်ပွဲစဉ်တွေကို နေ့တိုင်း ကြည့်လာခဲ့တာပါ။ အခုတော့ ကျွန်တော်က စပါးနဲ့ ချန်ပီယံလိဂ် ကစားရပါတော့မယ်။ ဒါကို အခုထိ မယုံနိုင်သေးဘူးဗျာ” လို့ ပြောကြားသွားခဲ့တာပါ။