ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘစ်ဆူမားက သူဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်တယ်လို့ ယုံကြည်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားပါတယ်။

အသက် ၂၅နှစ် အရွယ် မာလီလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဘစ်ဆူမားဟာ ဘရိုက်တန်အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်သလို အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ဘောလုံးလုယူမှု အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဒါကြောင့်လည်း ဘစ်ဆူမားကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့က စိတ်ဝင်စားနေကြတာ ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘစ်ဆူမားကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။

ဘစ်ဆူမားကတော့ သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားသလို ယခင်ထက် ပိုမို ကောင်းမွန်လာအောင်နဲ့ အသင်းကို ကူညီနိုင်အောင် တရက်ပြီး တရက် အစွမ်းကုန် ကြိုးစားနေကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

ဘစ်ဆူမားက – “ကျွန်တော်က မာနကြီးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူပါ။ ဒါကို ကျွန်တော့်ရဲ့ ခေါင်းထဲမှာ အမြဲတမ်း ထည့်ထားသလို အကောင်းဆုံး ဖြစ်လာအောင် ကြိုးစားနေပါတယ်။ ပရီးမီးယားလိဂ်မှာ အရမ်းကောင်းတဲ့ ကွင်းလယ်လူတွေ အများကြီး ရှိတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ကျွန်တော်ကသာ အကောင်းဆုံး ကွင်းလယ်လူပါ။ ဒီလိုမျိုး ခံယူထားခြင်းက ကျွန်တော့်ကို ယုံကြည်မှုတွေ ပေးသလို ကျွန်တော်က ဘယ်လို ကစားသမားမျိုးလဲ ဆိုတာနဲ့ ဘစ်ဆူမား ဆိုတာ ဘယ်လိုလူမျိုးလဲ ဆိုတာ လူတွေကို သက်သေပြဖို့ အားအင်တွေ ရလာတယ်လို့ ခံစားရပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။