ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ခရစ္စတယ်ပဲလေ့စ် အသင်းမှာ တစ်ရာသီသာ ကစားထားရသေးတဲ့ လူငယ်ညာနောက်ခံလူ ဝမ်ဘစ်စကာကို ပေါင် ၅၀သန်းနဲ့ ခေါ်ယူခဲ့တဲ့အတွက် ဘောလုံး ကျွမ်းကျင်သူတွေက မန်ယူအသင်းကို အတော်လေး ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဆိုပါဝေဖန်မှုတွေအားလုံးဟာ တိတ်ဆိတ် သွားကြပြီး ဖြစ်သလို ဘစ်စကာဟာလည်း သူဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း နောက်ခံလူတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာကို ပြသ ထားနိုင်ခဲ့ပြီး ဒီရာသီမှာ သူ့ရဲ့ ခံစစ်စွမ်းရည်က မန်ယူအသင်း ရရှိထားတဲ့ နိုင်ပွဲတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့နေပါတယ်။

Photo Credit: Standard.com

အသက်၂၂နှစ်အရွယ် ဘစ်စကာဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ပွဲအထိ ပါဝင်ကစားပေးထားသလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ခဲ့ကာ လက်ရှိ ပရီးမီးယားလိဂ်ရာသီရဲ့ အောင်မြင်တဲ့ ဘောလုံးရှင်းထုတ်မှုနှုန်း ၂.၅အထိ ရှိကာ ပရီးမီးယားလိဂ်ရဲ့ ဘောလုံးရှင်းထုတ်မှု အကောင်းဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘစ်စကာက သူ့ရဲ့ အခက်ခဲဆုံး ပြိုင်ဘက်တစ်ဦးကို ဖွင့်ဟပြောဆိုလာခဲ့ပြီး အဆိုပါ ကစားသမားကတော့ မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား စတာလင်း ဖြစ်ပြီး မန်ယူအသင်းပရိသတ်တွေကတော့ ဘစ်စကာရဲ့ ဖြေဆိုမှုအပေါ် အံ့အားသင့်နေကြပါတယ်။

Photo Credit: Standard.com

ဘစ်စကာဟာ ယခုနှစ်ဘောလုံးရာသီမှာ စတာလင်းကို အကောင်းဆုံးဒုက္ခပေးနိုင်တဲ့ နောက်ခံလူတစ်ဦးဖြစ်ပြီး ပရိသတ်တွေက သူ့ရဲ့ အဖြေကြောင့် အံ့အားသင့်နေကြပေမယ့် ဘစ်စကာ ကတော့ စတာလင်းဟာ သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်လို့ ယတိပြတ် ဆိုသွားခဲ့ပါတယ်။ ဘစ်စကာက ” ကျွန်တော့်အတွက် အခက်ခဲဆုံး ပြိုင်ဘက်က စတာလင်းပဲ။ သူနဲ့ ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတိုင်းကို ကျွန်တော် သဘောကျပါတယ်။ သူက အမြဲတမ်း ရှေ့ဆက် နေတဲ့သူပါ။ သူက ခင်ဗျားဆီကို နောက်ထပ် တစ်ကြိမ် ထပ်လာမယ့်သူမျိုး။ သူက ခင်ဗျားကို ဖြတ်ကျော်ဖို့ ကြိုးစားရင်း မအောင်မြင်တာက အရေးမပါဘူး။ သူက နောက်ထပ်တစ်ကြိမ် ထပ်လာဦးမှာပဲ။ ဒါက သူ့ကို ကျွန်တော် သဘောကျတဲ့ အချက်ပါပဲ။ ကျွန်တော်က လက်ရှိရာသီမှာ မန်စီးတီးအသင်းနဲ့ ကစားရတဲ့ မန်ချက်စတာဒါဘီပွဲစဉ်အားလုံးကို နှစ်သက်ပါတယ် ” လို့ ပြောဆိုသွားခဲ့တာပါ။