MySport Myanmar

ဘစ်ဆာခါကို ဝက်စ်ဟမ်းဆီ ရောင်းချလို့ မရရင် အင်တာရဲ့ ကမ်းလှမ်းမှုကို စောင့်နေမယ့် မန်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်းက သူတို့ရဲ့ ညာနောက်ခံ ကစားသမား အာရွန် ဝမ်ဘစ်ဆာခါကို ဒီနွေမှာပဲ အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး လက်ရှိမှာလည်း ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့လုနီးပါး ဖြစ်နေပေမယ့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ကတော့ ကြန့်ကြာလျက် ရှိနေပါတယ်။

ယူနိုက်တက်ကတော့ ဘစ်ဆာခါကို ရောင်းချပြီးသွားရင် သူ့နေရာအတွက် ဘိုင်ယန်မြူးနစ်ရဲ့ မော်ရိုကို ညာနောက်ခံလူ မာဇာရာအူယီနဲ့ ပြန်လည် အစားထိုးသွားဖို့ ready ဖြစ်လို့နေပြီး ကစားသမားနဲ့ရော ဘိုင်ယန်နဲ့ပါ သဘောတူညီမှုတွေလည်း ရယူထားနိုင်ပြီ ဖြစ်တာကြောင့် ဘစ်ဆာခါ အသင်းကနေ ရောင်းချနိုင်ဖို့သာ ကျန်နေပါတော့တယ်။

Photo Credit : Goal

ဘစ်ဆာခါကို ရောင်းထုတ်ဖို့အတွက် ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းတို့ကြားမှာ ပြောင်းရွှေ့ကြေးအရ သဘောတူညီမှု မရရှိနိုင်သေးတဲ့အပြင် ဘစ်ဆာခါကလည်း ပရီးမီးယားလိဂ်မှာထက် ပြည်ပကလပ်အသင်းတွေဆီ ပြောင်းရွှေ့ချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့က ကြန့်ကြာနေရပါတယ်။

ဒီအချိန်မှာ ဘစ်ဆာခါကို အင်တာမီလန်ကလည်း စောင့်ကြည့်လျက် ရှိနေတာကြောင့် ဝက်စ်ဟမ်းနဲ့ အပြောင်းအရွှေ့ ကြန့်ကြာနေတဲ့ ဘစ်ဆာခါကို အင်တာဘက်ကနေ ကြားဖြတ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖို့ ယူနိုက်တက်က မျှော်လင့်စောင့်ဆိုင်းလျက် ရှိနေတယ်လို့ Football Insider မှ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

ကနဦးပိုင်းတုန်းကတော့ ယူနိုက်တက်က ဘစ်ဆာခါကို အင်တာ ညာနောက်ခံလူ ဒန်ဆယ် ဒမ်ဖရီးစ်နဲ့ ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်သွားချင်နေပေမယ့် ဒီ swap deal ဖြစ်လာဖို့က မလွယ်ကူတာကြောင့် တန်ဟက်ဂ် တပည့်ဟောင်း မာဇာရာအူယီကိုသာ ပြောင်းလဲ ပစ်မှတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

အင်တာကလည်း ဒမ်ဖရီးစ်ရဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တဲ့အချိန် ဒါမီယန်ရဲ့ အသက်အရွယ်တွေကြောင့် ဘစ်ဆာခါကို ခေါ်ယူချင်နေတာဖြစ်ပြီး ယူနိုက်တက် သတ်မှတ်ထားတဲ့ ပေါင် (၁၅)သန်းအတိုင်း ကမ်းလှမ်းသွားနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်သလို ဝက်စ်ဟမ်းကလည်း သူတို့ ကမ်းလှမ်းထားတဲ့ ပေါင် (၁၀)သန်းကနေ နောက်ထပ် ပေါင် (၅)သန်း ထပ်တိုးပေးသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Exit mobile version