အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ညာနောက်ခံလူ တစ်ဦးဖြစ်တဲ့ အာရွန် ဝမ်ဘစ္စကာ ကတော့ သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အပါအဝင် ဖြစ်တဲ့ ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ချ်ကို ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ယနေ့ည ၂နာရီ ၃၀ မိနစ် အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အက်စ်တွန်ဗီလာ အသင်းကို ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာတော့ ဗီလာ အသင်းရဲ့ ဘယ်ခြမ်း တိုက်စစ်ကို တာဝန် ယူထားတဲ့ ဂရီးလစ်ချ်နဲ့ ယူနိုက်တက်ရဲ့ ညာခြမ်း ခံစစ်မှူး ဘစ္စကာ တို့ဟာ ထိပ်တိုက် တွေ့ဆုံကြရမှာပါ။

Photo Credit: Sky  Sports

ဗီလာအသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ကွင်းလယ်လူ ဂရီးလစ်ချ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၁၄ပွဲ ပါဝင် ကစားထားရာမှာ သွင်းဂိုး ၅ဂိုး သွင်းယူ ထားနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆ကြိမ် အထိ ပြုလုပ် ထားနိုင်ပါတယ်။ ဒါ့အပြင် ဂရီးလစ်ချ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ ပြစ်ဒဏ်ကျူးလွန်မှု အများဆုံး ခံရတဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်း ဝင်နေပါတယ်။ တစ်ဖက်မှာလည်း ဘစ္စကာဟာ ယခုနှစ်ရာသီမှာ ဖြတ်ထုတ်မှု အများဆုံး ပြုလုပ်ထားနိုင်တဲ့ နောက်ခံလူ တစ်ဦးအဖြစ် မှတ်တမ်းဝင် နေတာကြောင့် သူတို့နှစ်ဦးရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းမှာ သေချာပါတယ်။

Photo Credit: Sky  Sports

ဘစ္စကာ ကတော့ ဗီလာအသင်းနဲ့ ပွဲစဉ် မတိုင်မီမှာ ဂရီးလစ်ချ်နဲ့ ရင်ဆိုင် ကစားဖို့ အဆင့်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။ ဂရီးလစ်ချ်နဲ့ ပတ်သတ်ပြီး ဘစ္စကာက “သူ (ဂရီးလစ်ချ်) က အရမ်းကို ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ သူဟာ ခန့်မှန်းရ ခက်တဲ့ ကစားသမား ဖြစ်ပြီး ဧရိယာ အတွင်းကို ဆွဲဝင် လာနိုင်သလို ဧရိယာ အပြင်ဘက်ကိုလည်း ဆွဲထုတ်ပြီး ကစားတတ်ပါတယ်။ ကျွန်တော်က သူနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရင်ဆိုင် ကစားပြီးပါပြီ။ ဒါ့ကြောင့် သူနဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့်ပါပဲ။ ဒါက ကျွန်တော့်အတွက် နောက်ထပ် စိန်ခေါ်မှု တစ်ခုပါ။ ကျွန်တော်က အဆင်သင့် ဖြစ်နေပြီ ဆိုတာထက်တောင် ပိုပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူ့ကိုချည်းပဲ အာရုံစိုက်ထားလို့ မရပါဘူး။ သူတို့မှာ မက်ဂင်း ၊ ဘာကလေ ၊ ထရက်ဇီဂတ်နဲ့ တခြား ကစားသမားတွေလို အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒီပွဲဟာ ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲ ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်” ဆိုပြီး ပြောကြား သွားပါတယ်။